Twitter ကို အီလွန်မတ်စ်ဝယ်ပြီး ပုဂ္ဂလိကပိုင်ပြောင်းမယ်ဆိုရင် ပြိုင်ဘက်လူမှုကွန်ရက်ကုမ္ပဏီတွေအတွက် စိတ်ချမ်းသာစရာတွေ ရှိလာနိုင်ပါတယ်။
ရင်းနှီးမြှပ်နှံသူတွေကို ပေးပို့တဲ့ ဈေးကွက်ဆန်းစစ်လေ့လာတဲ့ Wall Street ကုမ္ပဏီတွေရဲ့ မှတ်ချက်မှာ Twitter ကို အီလွန်မတ်စ်ဝယ်လိုက်တာဟာ YouTube ၊ Snap ၊ Facebook မိခင်ကုမ္ပဏီ Meta နဲ့ TikTok တို့အတွက် ကြော်ငြာဝင်ငွေကို တိုးမြှင့်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ကြော်ငြာဝင်ငွေပေါ် အကြီးအကျယ်မှီခိုနေရတဲ့ Twitter ဟာ ဒီတစ်ပတ် တနင်္လာနေ့မှာ ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံ ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းလိုက်တဲ့ အီလွန်မတ်စ်ရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း ကြေညာခဲ့ပါတယ်။
စတုတ္ထသုံးလပတ်အတွက် Twitter ရဲ့ ဝင်ငွေ ဒေါ်လာ ၁.၅၇ ဘီလျံထဲမှာ ဒေါ်လာ ၁.၄၁ ဘီလျံဟာ ကြော်ငြာအရောင်းကနေ ရခဲ့တာပါ။ အီလွန်မတ်စ်အနေနဲ့ Twitter ကို ဝယ်ပြီး ပုဂ္ဂလိကပိုင် ပြောင်းပြီးတဲ့နောက်မှာ ကုမ္ပဏီဟာ ကြော်ငြာဝင်ငွေတွေ ကျဆင်းသွားနိုင်တယ်လို့ ဈေးကွက်လေ့လာသူတွေက ခန့်မှန်းပါတယ်။ Tesla နဲ့ SpaceX CEO မတ်စ်ဟာ Twitter ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးပလက်ဖောင်းဖြစ်အောင် ပုံဖော်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအတွက် အကြောင်းအရာကြီးကြပ်ထိန်းညှိမှု Content Moderation ပိုင်းကို လျှော့ချရဖို့ ရှိပါတယ်။ လူမှုကွန်ရက်ပေါ်က Content Moderation မထားဘဲ ပို့စ်တင်ခွင့်ပြုမှုအပေါ် ကြော်ငြာတင်ချင်တဲ့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ Twitter ပေါ် ကြော်ငြာမယ့်စရိတ်ကို လျှော့ချသွားဖို့ ရှိပါတယ်။
"Twitter ဝင်ငွေရဲ့ ၈၅% လောက်က Brand ကြော်ငြာတွေကနေ ဝင်တာပါ။ မစ္စတာမတ်စ်သာ Free Speech ကို ရှေ့တန်းတင် ဦးစားပေးသွားရင် ကြော်ငြာရှင်တွေက သူတို့သုံးမယ့် ဘတ်ဂျက်ကို စိတ်ချရတဲ့ တခြားချန်နယ်တွေဆီ သွားတင်ဖို့ ရှိပါတယ်။ဒါက YouTube ၊ Snap ၊ Meta နဲ့ TikTok တို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။" လို့ JMP ဈေးကွက်ဆန်းစစ်လေ့လာသူတွေက ဆိုပါတယ်။
သတင်းအချက်အလက်မှားတွေ နဲ့ အမုန်းစကားတွေကို အချိန်မှီ ဖြုတ်ချနိုင်ခြင်း မရှိဘဲ ပလက်ဖောင်းပေါ် ခွင့်ပြုခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လထဲမှာ Facebook ဟာ ထိပ်တန်းကြော်ငြာရှင်တွေ ဖြစ်တဲ့ Unilever ၊ Starbucks ၊ Coca-Cola ၊ Verizon ၊ Honda ၊ Diageo စတဲ့ ကုမ္ပဏီကြီးတွေရဲ့ ကြော်ငြာသပိတ်မှောက်မှုနဲ့ ကြုံတွေ့ခဲ့ဖူးတာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း Coca-Cola နဲ့ Microsoft တို့လို Brands တွေဟာ အစွန်းရောက် Content မှာ ကြော်ငြာမှားထည့်တဲ့ YouTube ပေါ် ကြော်ငြာတင်မှု ပြန်ဖြုတ်ချခဲ့ဖူးပါတယ်။
Free Speech အနေနဲ့ Twitter ပလက်ဖောင်းကို အကြောင်းအရာထိန်းညှိစိစစ်မှု ဖြေလျှော့လိုက်ရင် အလားတူ ဖြစ်ရပ်တွေ ကြုံလာမှာကို ကြော်ငြာရှင်တွေက စိုးရိမ်နေကြတာပါ။ ဘာပဲဖြစ်ဖြစ် Apple ရဲ့ Privacy အပြောင်းအလဲတွေကြောင့် ဒီနှစ်ထဲ ကြော်ငြာဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံခန့် အထိနာနိုင်တဲ့ Facebook အတွက်တော့ မျှော်လင့်ချက်တွေ ပိုတောက်ပလာနိုင်ပါတယ်။