ဖိလစ်ပိုင်တယ်လီကွန်း ဆက်သွယ်ရေးကော်မရှင်အဖွဲ့ဟာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံအတွင်း ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာကျော် ဘီလျံနာအီလွန်မတ်စ်ပိုင် SpaceX ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း Starlink ဟာ ဖိလစ်ပိုင် အမျိုးသားတယ်လီကွန်းဆက်သွယ်ရေးကော်မရှင် NTC ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဖိလစ်ပိုင်အင်တာနက်ဈေးကွက်ကို စတင် ထိုးဖောက်တော့မှာ ဖြစ်ပါတယ်။ NTC ဟာ ဒီတစ်ပတ် သောကြာနေ့မှာပဲ ဖိလစ်ပိုင် Starlink အင်တာနက်ဝန်ဆောင်မှုမှတ်ပုံတင်ခြင်းကို ခွင့်ပြုချက် ချပေးလိုက်တာပါ။

ဖိလစ်ပိုင်ဈေးကွက်မှာ အင်တာနက်ဝန်ဆောင်မှုပေးဖို့ တန်ဖိုးမြှင့်ဝန်ဆောင်မှု VAS Provider အနေနဲ့ လိုင်စင်ချပေးလိုက်တာ ဖြစ်ပြီး ဒီခွင့်ပြုချက်ကနေ အင်တာနက်ဝန်ဆောင်မှုပေးဖို့ ဂြိုလ်တုစနစ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ရယူတာ ၊ Broadband လုပ်ငန်းတွေ တည်ဆောက်တာတွေ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ "ဝန်ဆောင်မှုကို အရှိန်အဟုန်နဲ့ ချက်ချင်း ဖြန့်ချိနိုင်ဖို့ ရည်ရွယ်ပါတယ်"လို့ လုပ်ငန်းမှတ်ပုံတင်ပြီး နာရီဝက်အကြာမှာ VAS စာရင်းသွင်းမှု ခွင့်ပြုလိုက်တဲ့ NTC က ပြောပါတဘ်။
Starlink ရဲ့ VAS လိုင်စင်ကို လျှောက်ထားပြီး နာရီဝက်အတွင်း ခွင့်ပြုချက်ချပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း SpaceX ရှေ့နေ ဘီယန် မားကွက်ဇ်က ပြောပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ Starlink ဝန်ဆောင်မှုရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ Starlink ဟာ အီလွန်မတ်စ်ပိုင် အာကာသယာဉ်ထုတ်လုပ်ရေးနဲ့ အာကာသခရီးသွားလာရေးကုမ္ပဏီ SpaceX လက်အောက်ခံ လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာအနိမ့်ပတ်လမ်းဂြိုလ်တု ၁၅၀၀ ကျော်နဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ပေးနေတာလည်း ဖြစ်ပါတယ်။
Starlink ဟာ မြန်နှုန်းမြင့် လှိုင်းဆွဲအားကြန့်ကြာမှုနည်းတဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေပြီး အင်တာနက်ဒေါင်းလုပ် Speed မြန်နှုန်းကို 100Mbps ကနေ 200Mbps အထိ ပေးနိုင်ဖို့ ရှိပါတယ်။