ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ဖြေရှင်းဖို့ ဘီလျံနာ လူနည်းစုရဲ့ဓနဥစ္စာထဲက အစိတ်အပိုင်းလောက်နဲ့တင် ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဘီလျံနာတွေ တကြိမ်တည်းနဲ့ များများလှူတာမျိုး လုပ်ကြဖို့ WFP ညွှန်ကြားရေးမှူး ဒေးဗစ်ဘီးစလေက တိုက်တွန်းလိုက်တာပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးနှစ်ဦးဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်နဲ့ အီလွန်မတ်စ်ကို နာမည်တပ်ပြီး CNN ရဲ့ Connect The World အစီအစဉ်တွေ့ဆုံခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

Photo: CNN
"ကျွန်တော်တို့ မထောက်ပံ့နိုင်ရင် သေသွားနိုင်တဲ့ လူ ၄၂ သန်းကို ကန်ဒေါ်လာ ၆ ဘီလျံက ကယ်တင်နိုင်ပါတယ်။ ဒါက ဘာမှမရှုပ်ထွေးပါဘူး" လို့ သူက ပြောပါတယ်။
Bloomberg ဖော်ပြချက်အရ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ အသားတင် ဒေါ်လာ ၂၈၉ ဘီလျံနီးပါး ချမ်းသာပါတယ်။ အီလွန်မတ်စ်ရဲ့ Tesla ကားကုမ္ပဏီဟာ ဒီတစ်ပတ်ထဲမှာ Hertz ကားအငှားဝန်ဆောင်မှုကို Tesla Model 3 ဆီဒင်ကားအစီးရေ ၁ သိန်း ရောင်းချနိုင်ခဲ့ပြီးနောက် ရှယ်ယာတန်ဖိုး ၁၃% နီးပါး တက်လာပြီး ဒေါ်လာထရီလီယံတန်ကုမ္ပဏီအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဘီးစလေအနေနဲ့ အီလွန်မတ်ရဲ့ ကြွယ်ဝချမ်းသာမှုထဲက ၂ ရာခိုင်နှုန်းပဲ လှူဒါန်းဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။
ဒေးဗစ် ဘီးစလေ
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ အမေရိကန်ဘီလျံနာတွေရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုဟာ နှစ်ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အခွန်မျှတရေး မူဝါဒလေ့လာမှုဆိုင်ရာ အင်စတီကျူ (Institute for Policy Studies and Americans for Tax Fairness) အဖွဲ့ရဲ့ အဆိုအရ အောက်တိုဘာလထဲမှာ အမေရိကန်ဘီလျံနာတွေရဲ့ အသားတင် ကြွယ်ဝမှုဟာ စုစုပေါင်း ဒေါ်လာ ၅.၀၄ ထရီလီယံအထိ ရှိလာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
COVID-19 ကပ် ၊ ရာသီဥတုအပြောင်းအလဲ စတဲ့ အကြပ်အတည်းပုံစံတွေကြောင့် နိုင်ငံအများအပြားမှာ အငတ်ဘေးက တံခါးလာခေါက်တာနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဘီးစလေက ပြောပါတယ်။ တနင်္လာနေ့က WFP ရဲ့ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်လူဦးရေ ထက်ဝက်ခန့် (၂၂.၈သန်း) ဟာ နိုဝင်ဘာလကစပြီး ဆိုးဝါးတဲ့အငတ်ဘေးပြဿနာနဲ့ ကြုံတွေ့ရတော့မယ်လို့လည်း ဆိုပါတယ်။