ဒီနေ့ညနေ ၆း၀၀ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ စနေနေ့၊ ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတဲ့ လီဗာပူးလ်က အိမ်ကွင်းမှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲနဲ့ ပတ်သက်ပြီး ပွဲကြိုသတင်း၊ အချက်အလက်နဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


နှစ်ဖက်အသင်းသတင်းများ

- လီဗာပူးလ်အသင်းမှာ ဂိုးသမားအယ်လစ်ဆန် နဲ့ ကွင်းလယ်လူ ကီတာတို့ ဒဏ်ရာကြောင့် လွဲချော်ဦးမှာဖြစ်ပါတယ်။

- နယူးကာဆယ်ကွင်းလယ်လူလောင်းစတက်ဖ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

- မက်ဇီမင်၊ ရစ်ချီ၊ ဒွိုက်ဂေးလ်၊ ယက်ဒ်လင်တို့လည်း ဒဏ်ရာအသီးသီးရရှိနေပြီး လွဲချော်ဖွယ်ရှိနေပါတယ်။

- တိုက်စစ်မှူးအန်ဒီကာရိုးလ်ကတော့ အသင်းဟောင်းလီဗာပူးလ်နဲ့ ရင်ဆိုင်ရမှုမှာ ပါဝင်လာဖွယ်ရှိပါတယ်။


ထူးခြားအချက်အလက်များ

- ပရီးမီးယားလိဂ်မှာ ၁၄ပွဲဆက်တိုက် နိုင်ပွဲရရှိတဲ့ အသင်းတွေအဖြစ် အာဆင်နယ်၊ မန်စီးတီး (၂)ကြိမ် တို့ စွမ်းဆောင်နိုင်ခဲ့ပြီး တတိယမြောက်အသင်းဖြစ်လာဖို့ လီဗာပူးလ်က အခွင့်အရေးရှိနေပါတယ်။

- လီဗာပူးလ်ဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးအိမ်ကွင်းပွဲ ၂၃ပွဲကို ရှုံးပွဲမရှိခဲ့ပဲ ၁၉ပွဲအနိုင်ရကာ ၄ပွဲသရေကျခဲ့ပြီး ၅၈ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁၂ပွဲကပေးဂိုးမရှိခဲ့ပါဘူး။

- ၂၀၁၅ ဒီဇင်ဘာကစပြီး နယူးကာဆယ်ဟာ လီဗာပူးလ်ကို အနိုင်မရရှိခဲ့တော့ပဲ သရေနှစ်ပွဲကျကာ သုံးပွဲအရေးနိမ့်ခဲ့ပါတယ်။

- နယူးကာဆယ်ကို ပရီးမီးလိဂ်ဂိုးစုစုပေါင်း ၉၈ ဂိုးအထိ လီဗာပူးလ်က သွင်းယူနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းတစ်သင်းတည်းကို ဂိုးပေါင်း ၁၀၀ ပြည့်အောင် သွင်းနိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာဖို့ အခွင့်အလမ်းရှိနေပါတယ်။ အာဆင်နယ် နဲ့ ယူနိုက်တက်တို့က အဲဗာတန်ကို ဂိုးပေါင်း

၁၀၀နဲ့အထက် သွင်းယူထားပြီးဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ်လူစာရင်း

ခန့်မှန်းချက်

- လီဗာပူးလ်က ရာသီသစ်မှာ လေးပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ အိမ်ကွင်းမှာဆိုရင် ပိုပြီးတော့ ခြေစွမ်းပြတတ်ပြီး ဘယ်လိုအသင်းကိုမဆို ချေမှုန်းနိုင်တဲ့ စွမ်းရည်လည်း လီဗာပူးလ်မှာ ရှိနေပါတယ်။ ကစားသမားအင်အားရော၊ ခြေစွမ်းပိုင်းမှာပါ လီဗာပူးလ်က အပြတ်အသတ် အသာစီးရရှိနေပြီး ထိပ်တိုက်တွေ့ဆုံမှုမှာလည်း သိသိသာသာကို ကောင်းမွန်နေတာကြောင့် နယူးကာဆယ်အတွက်တော့ အန်ဖီးလ်ကနေ အမှတ်ဗလာနဲ့ပဲ အိမ်ပြန်ရဖို့ ရှိနေပါတယ်။ လီဗာပူးလ် ဂိုးပြတ်နိုင်ပွဲပါ ရရှိသွားနိုင်ပါတယ်။

Share

Loading Next Article...
က္က