In partnership with  logo
အိမ့်မြတ်နိုးဦးဆိုရင် အရောင်အေးအေး အရောင်ငြိမ်ငြိမ်လေးတွေနဲ့ သူ့ရဲ့ Hand Made ပစ္စည်း သုံးစွဲသူတွေကို ဆွဲဆောင်ထားနိုင်တဲ့ ကောင်မလေးတစ်ယောက်အဖြစ် သိကြပါတယ်။

အိမ့်မြတ်နိုးဦးဟာ Book Mark လေးတွေ ၊ ကလစ်လေးတွေ ၊ နားဆွဲတွေ ၊ အရုပ်လေးတွေကို ကိုယ်တိုင် ကိုယ့်လက်ကလေးနဲ့ ချုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလို Hand Made တွေကို စနစ်တကျ လှပသပ်ရပ်အောင်လုပ်တတ်ဖို့ သင်ပေးခဲ့ကြတဲ့ သူ့ရဲ့ သင်ဆရာ၊ မြင်ဆရာတွေကတော့ ကျောင်းစာသင်ခန်းက အိမ်တွင်းမှုဆရာမတွေပါ။ အလယ်တန်းကျောင်းသူဘဝအရွယ်မှာ ကျောင်းမှာ သင်တဲ့ အိမ်တွင်းမှုသင်တန်းချိန်တွေအတွင်း အရမ်းကို စိတ်ပါဝင်စားပြီး ဒီအိမ်တွင်းမှုတွေကပဲ သူ့ဝါသနာဖြစ်လာခဲ့ပါတယ်။ အိမ်တွင်းမှုဆရာမတွေရဲ့ သင်ပြမှုတွေ အပေါ်မှာ စိတ်မြှုပ်နှံပြီး သင်ယူခဲ့တဲ့ ကျောင်းသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း အလယ်တန်းကျောင်းသူဘဝကတည်းက အရုပ်မလေးတွေအတွက် သာမန်မဟုတ်ဘဲ လှပဆန်းသစ်တဲ့ အကျႌ တွေကို ချုပ်လုပ်တာ ၊ ဘော်ကြယ်ထိုးတာ နဲ့ နားကပ်တွေ ဆွဲကြိုးလေးတွေကို စပြီး လုပ်ခဲ့တယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေကိုယ်တိုင်က ကြိုက်နှစ်သက်ပြီး အပ်ကြတဲ့အထိ ငယ်ဘဝမှာ တတ်ကျွမ်းခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ခုချိန်မှာလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်ကျောင်းသူအဖြစ် တက်ရောက်နေပြီး တစ်ဖက်ကလည်း သူဝါသနာပါတဲ့ အိမ်တွင်းမှုလေးတွေနဲ့ စီးပွားရေးတစ်ခုဖြစ်အောင် လမ်းဖောက်နေတဲ့သူလည်း ဖြစ်ပါတယ်။ ကျောင်းသူဘဝကတည်းက ကိုယ်ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်လာခဲ့ပြီး ခုချိန်မှာလည်း ဒီဝါသနာနဲ့ပဲ စီးပွားရေးတစ်ခု ဖြစ်ထွန်းအောင် လုပ်ဆောင်နေသူပါ။

ဒီ Hand Made လေးတွေကို စတင်စီးပွားဖြစ်လုပ်ခဲ့တဲ့အချိန်ကတော့ ၂၀၁၈ ခုနှစ် ၁၁ လပိုင်းမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ စာအုပ်ဖတ်ရတာကြိုက်နှစ်သက်သူ ၊ စာအုပ်တွေကို ဝေမျှဖတ်စေချင်သူတစ်ယောက်ဖြစ်တဲ့အတွက် စတင်ပြီး စီးပွားဖြစ် လုပ်တဲ့ Hand Made လေးတွေကတော့ Book Mark လေးတွေပဲဖြစ်ပါတယ်။ သူ့ရဲ့ Book Mark လေးတွေဟာဆိုရင်တော့ Pop Stick အမျိုးအစား၊ ကဒ်ထူအမျိုးအစား နဲ့ သစ်သားချောင်းအရှည် စသဖြင့်ပုံစံလေးတွေ ထုတ်ထားတယ်လို့ သိရပါတယ်။ ရုပ်ပုံလေးတွေအနေနဲ့ ဆံရစ်ဝိုင်း နဲ့ ယောင်ပေစူး က တစ်တွဲ ၊ ပစ်တိုင်းထောင် အထီးအမ စုံတွဲက တစ်တွဲ နဲ့ ဦးရွှေရိုး နဲ့ ဒေါ်မိုးက တစ်တွဲ သုံးစုံတွဲ ထုတ်ထားတယ်လို့ သိရပြီး နောက်ဆုံး ဒီဇိုင်း အသစ်ကတော့ ဇော်ဂျီပုံစံ Book Mark လေးတွေ ထုတ်ထားပါတယ်။ မြန်မာမှုကို တန်ဖိုးထားလေးစားတဲ့အတွက် စာဖတ်သူတွေလည်း မြန်မာမှုကို ချစ်မြတ်နိုးတတ်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ အိမ့်မြတ်နိုးဦးက ပြောပါတယ်။

“Hand Made တွေကို စီးပွားဖြစ်လုပ်တဲ့အချိန်ကတော့ Book Mark တွေ လုပ်တဲ့အချိန်က စတယ်။ အရင်ကဆို ကိုယ်ကိုယ်တိုင် သုံးဖို့အတွက်ပဲ လုပ်တယ်။ သူငယ်ချင်းတွေကို လက်ဆောင်ပေးရင်လည်း အပြင်က ဝယ်ပေးတာထက်စာရင် ကိုယ်ကိုယ်တိုင် ကိုယ့်လက်နဲ့ လုပ်ပြီးပေးရတာကိုပဲ ကြိုက်တယ်။ စီးပွားဖြစ်စလုပ်ဖြစ်တာက မနှစ်က ၁၁လပိုင်းက စပြီး Book Mark တွေ စလုပ်ဖြစ်တယ်။ အခုလည်း တခြားဟာတွေထက်စာရင် Book Mark တွေကိုပဲ တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေတယ်။"

ခုနောက်ပိုင်းမှာတော့ သူ့ရဲ့ စိတ်ကူးဒီဇိုင်တွေနဲ့အတူ ဖဲပြားကလစ်တွေ၊ ပန်းထိုးတွေ ၊ ဆွဲကြိုးနဲ့ နားကပ်တွေကို ပြုလုပ်နေပါတယ်။ သူ့ရဲ့ ဖဲပြားကလစ်လေးတွေဟာ အပြင်မှာ ဝယ်လို့ရတဲ့ ဒီဇိုင်းနဲ့ မတူအောင် ပြုလုပ်လေ့ရှိပြီး အရောင်အသွေးကိုလည်း မျက်စိအေးပြီး ဆွဲဆောင်မှုရှိတဲ့ အရောင်လေးတွေ သုံးထားတတ်တာလေးကတော့ ထူးဆန်းပါတယ်။ သူ့ရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် အရောင်ရွေးချယ်မှုအပိုင်းလို့ ပြောရပါမယ်။ သူရွေးချယ် အသုံးပြုလိုက်တဲ့ အရောင်လေးတွေဟာ မြင်သူတကာကို နှစ်ခြိုက်သဘောကျစေတဲ့ အရောင်လေးတွေ ဖြစ်နေတတ်တာကလည်း သူ့ရဲ့ ထူးချွန်မှုတွေထဲက တစ်ခုလို့ ဆိုရမှာပါ။

“အရင်ကဆို ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် လုပ်နိုင်မယ်မထင်ဘူး။ အခု ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ဆိုတာကို တွေ့လာတယ်။ ပြီးတော့ ညီမထုတ်တဲ့ ဒီဇိုင်းကို သူတို့ကြိုက်ကြတယ်။ Book Mark မှ မဟုတ်ဘူး။ ညီမ ဖဲပြားကလစ်ထုတ်တယ်။ သူများနဲ့ အရောင်မတူတာ ထုတ်တယ်။ တကယ်က ညီမကြိုက်တဲ့ အရောင်ကို ညီမထုတ်တာ။ အဲဒါကိုပဲ သူတို့က လိုက်ကြိုက်ကြတယ်။ ညီမက ထုတ်ရင် သူများ ဘာကြိုက်လဲဆိုတာကို ကြည့်လေ့မရှိဘူး။ ညီမသဘောကျတဲ့ အရောင် ၊ ညီမသဘောကျတဲ့ ဒီဇိုင်းတွေကိုပဲ ကိုယ်တိုင် စိတ်တိုင်းကျပြီဆိုမှ ထုတ်တာ ။ အဲဒါကို သူတို့ သဘောကျကြတယ်။”

စာအုပ်စာပေကို ချစ်မြတ်နိုးပြီး တီထွင်ဖန်တီးမှု အပြည့်ရှိတဲ့ အိမ့်မြတ်နိုးဦးဟာ ခုချိန်မှာတော့ အသက် ၂၁ နှစ်သာရှိပါသေးတယ်။ ကိုယ်ကိုယ်တိုင် ယုံကြည်ရာ၊ ဝါသနာပါရာကို အချိန်ပေးပြီး သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတာပဲဖြစ်ပါတယ်။

“စိတ်ကူးအိပ်မက်ကတော့ ဝါသနာအရဖြစ်ချင်တာပေါ့လေ။ ဝါသနာအရ လုပ်ချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုပေါ့။ ဘာလုပ်ချင်တာလဲဆိုရင် စာအုပ်ဆိုင်ဖွင့်ချင်တာ ရှိမယ်။ နောက် တခြား Hand Made ပစ္စည်းလေးတွေကို တွင်တွင်ကျယ်ကျယ် လုပ်ချင်တယ်။”

သူ့ရဲ့ Book Mark ကလေးတွေကို စာအုပ်ဆိုင်တွေ ၊ City Mart တွေမှာ ဝယ်ယူရရှိနိုင်ပြီး Book Mark ၊ ဖဲပြားကလစ် ၊ နားဆွဲလေးတွေကိုလည်း အွန်လိုင်းကနေ အော်ဒါမှာလို့ ရတယ်လို့ သူကပြောပါတယ်။ သူကိုယ်တိုင်လည်း အားလပ်ချိန်တွေမှာလည်း ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းလေးတွေကို ဆွဲရင်း တီထွင်ဖန်တီးရင်း သူ့ရဲ့ ဘဝအိပ်မက်တွေဆီ ရောက်အောင် လျှောက်လှမ်းနေတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က