အိန္ဒိယမှာ စက်ရုံတည်ထားတဲ့ Foxconn ဟာ နောက်ထပ် ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ်သွားမယ်လို့ ဆိုပါတယ်။
Apple အတွက် iPhone တွေ ထုတ်ပေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ဟာ အန္ဒိယတောင်ပိုင်း စက်ရုံတိုးချဲ့ဖို့ ဒေါ်လာ ၁ ဘီလျံအထိ ရင်းနှီးမြှပ်နှံဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ဘေဂျင်းနဲ့ ဝါရှင်တန်အစိုးရများအကြား ကုန်သွယ်ရေးစစ်ကြောင့် Apple ဟာ iPhone ထုတ်လုပ်မှုကို တရုတ်ကနေ ဖြည်းဖြည်းချင်း ရွှေ့ပြောင်းဖို့ ပြင်နေချိန်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Photo: Reuters
"Apple ဘက်က သူ့ရဲ့ ဖောက်သည်တွေကို တရုတ်ပြင်ပ iPhone ထုတ်လုပ်မှုလုပ်ဖို့ တောင်းဆိုမှုတွေ ရှိပါတယ်။" လို့ သတင်းအရင်းအမြစ်တစ်ခုက Reuters ကို ပြောပါတယ်။
Sriperumbudur အနားမှာ ရှိတဲ့ စက်ရုံတိုးချဲ့မှု အပြီးသတ်ဖို့ ၃ နှစ်ကြာမြင့်မှာ ဖြစ်ပြီး အလုပ်အကိုင်သစ်ပေါင်း ၆၀၀၀ ကို ခေါ်ဆိုသွားမှာပါ။ အိန္ဒိယတောင်ပိုင်းမှာ ရှိတဲ့ Foxconn စက်ရုံဟာ လက်ရှိမှာ iPhone XR မော်ဒယ်များ ထုတ်လုပ်နေတာ ဖြစ်ပြီး စက်ရုံတိုးချဲ့ပြီးတာနဲ့ နောက်ထပ် iPhone မော်ဒယ်တွေလည်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။
တရုတ်မှာ Foxconn ကနေ ထုတ်လုပ်နေတဲ့ တစ်ခြား iPhone မော်ဒယ်တစ်ချို့ကိုလည်း အိန္ဒိယစက်ရုံမှာ ထုတ်လုပ်သွားဖို့ ရှိပြီး အခုထိတော့ Apple ရော Foxconn ပါ ဒီသတင်းကို အတည်ပြုထားခြင်း မရှိသေးပါဘူး။ Foxconn ဟာ အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒေ့ချ်မှာလည်း စက်ရုံတစ်ခု တည်ထောင်ထားပါတယ်။
အန်ဒရာပရာဒေ့ချ်ဟာ တရုတ်နိုင်ငံမှ Xiaomi Corp အပါအဝင် စမတ်ဖုန်းကုမ္ပဏီများ ဖုန်းထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ Foxconn ရဲ့ ဥက္ကဌ လီယုယန်းကတော့ ပြီးခဲ့တဲ့ လကပဲ အိန္ဒိယမှာ ရင်းနှီးမြှပ်နှံမှု မြှင့်တင်မယ့်အကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက် ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။