ရေနံတွင်း မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြစဥ် မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ရေနံတွင်းပေါက်ကွဲမှုကြီး ဖြစ်ပွားနေခဲ့ရာ လက်ရှိအချိန်အထိ လူနှစ်ဦး သေဆုံးခဲ့ပြီး လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန် ၁၁ ရက်) ပြောပါတယ်။

(Photo: AFP)

ရေနံတွင်း မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြစဥ် မီးသတ်သမားနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့သူနှစ်ဦးအနက် ဒေသတွင်းမှာ လူသိများတဲ့ အာဆမ်ပြည်နယ် အငယ်တန်းဘောလုံးအသင်းမှ ကစားသမား Durlov Gogoi လည်း ပါဝင်ခဲ့ပါတယ်။ Oil India ကုမ္ပဏီမှ အင်ဂျင်နီယာတွေဟာ မေ ၂၇ ရက်နေ့ကတည်းက ရေနံတွင်းကနေ ယိုစိမ့်မှုကို ပိတ်ပင်နိုင်ရန် ကြိုးပမ်းနေခဲ့ကြပြီး ယခု သီတင်းပတ်မှာတော့ ကြီးမားတဲ့ မီးတောက်လောက်မှုကြီး ဖြစ်ပွားလာခဲ့ပါတယ်။



အာဆမ်ပြည်နယ် Tinsuka ခရိုင်ရှိ ရေနံတွင်းမှာ ပေါက်ကွဲမီးလောင်မှုကြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက ရေနံတွင်း ပေါက်ကွဲမီးလောင်မှုကြောင့် ဒေသခံ ၂,၅၀၀ ခန့်ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားခဲ့ပြီး ယခုအခါမှာတော့ ရေနံတွင်းအနီးတဝိုက်ရှိ လူဦရေ ၇,၀၀၀ ခန့်ကို ရွှေ့ပြောင်းခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AFP)

ယနေ့မှာလည်း ရေနံတွင်းမီးလောင်မှုဟာ အရှိန်ကောင်းနေဆဲဖြစ်ပြီး ကောင်းကင်ယံသို့ မီးခိုးလုံးကြီး ထိုးထွက်နေမှုကို မိုင်နဲ့ချီ အကွာအဝေးကနေပင် မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။ ယခု ရေနံတွင်းမီးလောင်မှု ဖြစ်ပွားနေတဲ့ Baghjan ရေနံမြေဟာ Dibru Saikhowa အမျိုးသားဥယျာဥ်နဲ့ Maguri-Motapung စိမ့်မြေအရပ်တို့နဲ့ ကပ်လျက်မှာရှိနေပါတယ်။

ထိုနေရာနှစ်ခုဟာ ကျားများ၊ လင်းပိုင်များနဲ့ ဆင်များ အပါအဝင် မျိုးသုဥ်းမယ့်အန္တရာယ်ရှိ တောရိုင်းတိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ရေနံတွင်းပေါက်ကွဲမှုကနေ ရေနံများယိုစိမ့်ထွက်ရာမှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေကာ တောရိုင်းတိရိစ္ဆာန်တွေကို ထိခိုက်စေနိုင်ကြောင်း ပတ်ဝန်ကျင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက သတိပေးခဲ့ပါတယ်။

(Infographic: News18)

"ရေနံတွင်းနဲ့မဝေးတဲ့ Dibru မြစ်ထဲမှာ ငါးအသေတွေ ပြည့်နေတယ်၊ မြစ်ရေပြင်မှာ ရေနံတွေဖုံးနေတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း လင်းပိုင်တွေ ရေပေါ်မှာ ပေါလောပေါ်နေခဲ့တယ်" လို့ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသမား Nirantar Gohain က Times of India သတင်းဌာနကို ပြောခဲ့ပါတယ်။

ရေနံတွင်းရှိရာ အနီးတဝိုက်မှာနေထိုင်တဲ့ ကျေးရွာသား Kuhima Moran Das ကတော့ ကနဦး ရေနံတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့မိသားစုဟာ အသက်ဘေးမှလွတ်ရန် ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ "အခု ကျွန်တော်တို့ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေကြတယ်၊ ကျွန်တော်တို့ ဘယ်လိုများ ဆက်ရှင်သန်ရမလဲ မသိဘူး" လို့ ၎င်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Map: Google Maps)

Oil India ကုမ္ပဏီရဲ့ အဆိုအရ ရေနံတွင်းကနေ ရေနံများ ယိုစိမ့်ထွက်နေမှုကို ပိတ်ပင်ရန် တစ်လကြာနိုင်ကြောင်း ဗုဒ္ဓဟူးနေ့ (ဇွန် ၁၀ ရက်) မှာ သတိပေးခဲ့ပါတယ်။ ထိုအတောအတွင်း Press Trust of India သတင်းမှာ ဖော်ပြမှုအရ တာဝန်ရှိသူတွေက ရေနံတွင်း ပေါက်ကွဲမီးလောင်ပြီး ရေနံများယိုစိမ့်ထွက်နေမှု ပြဿနာကို ဖြေရှင်းရန်အတွက် စင်ကာပူ၊ အမေရိကန်နဲ့ ကနေဒါတို့မှ ကျွမ်းကျင်သူတွေကို အကူအညီတောင်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က