တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ နောက်လထဲမှာ အိန္ဒိယက Samsung 5G ဖုန်းတွေအတွက် OTA update တစ်ခု ဖြန့်ချိမယ်လို့ ကြေညာပါတယ်။
လာမယ့်နိုဝင်ဘာလလယ်ထဲမှာ အိန္ဒိယ Samsung 5G ဖုန်းတွေအတွက် OTA Update တစ်ခု ထုတ်ပေးသွားမှာ ဖြစ်ပြီး Apple ကတော့ ဒီဇင်ဘာကျမှ အလားတူ Update တစ်ခု ထွက်လာမယ်လို့ အတည်ပြုထားပါတယ်။ အိန္ဒိယ Telecom အတွင်းဝန်နဲ့ MeitY အတွင်းဝန်တို့လို အစိုးရအမှုဆောင်အရာရှိတွေ တက်ရောက်တဲ့ အစည်းအဝေးတစ်ခုအပြီးမှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Photo: technosports
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံဟာ စီးပွားဖြစ် 5G ဝန်ဆောင်မှု တရားဝင်ဖြန့်ကြက်ကြောင်း ကြေညာခဲ့ပါတယ်။ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ၆ ကြိမ်မြောက် အိန္ဒိယမိုဘိုင်းကွန်ဂရက် (IMC) မှာ ကြေညာသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ 5G ဝန်ဆောင်မှုကို ပထမအသုတ် ဖြန့်ကြက်မှုအနေနဲ့ အမ္မီဒါဘက် ၊ ဘန်ဂလာရူ ၊ ချာဒင်ဂါ့ ၊ ချန်နိုင်း ၊ ဒေလီ ၊ ဂန္ဒီနာဂါ ၊ ဂူရူဂရမ် ၊ ဟိုက်ဒရာဘတ် ၊ ဂျမ်နာဂါ ၊ ကာလကတ္တား ၊ လက်ခနောင် ၊ မွမ်ဘိုင်း ၊ ပူနေး ၊ ဆီလီဂူရီ နဲ့ ဗာရာဏသီ မြို့ကြီးတွေ အပါအဝင် မြို့ကြီး ၂၂ မြို့ကနေ စတင်သွားမယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။
အိန္ဒိယရဲ့ 5G ကွန်ရက်ဝန်ဆောင်မှုကို Reliance Jio ၊ Airtel နဲ့ Vi (Vodafone-Idea) တယ်လီကွန်းတွေက နိုင်ငံအနှံ့ ကနဦး စတင်ဝန်ဆောင်မှုပေးသွားမှာပါ။ အိန္ဒိယစမတ်ဖုန်းဈေးကွက်ထဲ ရောင်းချထားတဲ့ 5G ဖုန်းတွေဟာ Standalone (SA) 5G ကွန်ရက်ကနေတစ်ဆင့် ပဉ္စမမျိုးဆက် 5G ကွန်ရက်ဝန်ဆောင်မှုအသုံးပြုနိုအောင် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Updates ထုတ်ပေးဖို့လည်း အစိုးရဘက်က ညွှန်ကြားထားပါတယ်။
Samsung ဟာ အိန္ဒိယနိုင်ငံအတွင်း 5G ထုတ်ကုန်ပိုင်းမှာ အကျယ်ပြန့်ဆုံးဖြစ်ပြီး အိန္ဒိယဖောက်သည်တွေ 5G အတွေ့အကြုံကို ချောချောမွေ့မွေ့ အသုံးပြုနိုင်ရေးအတွက် အော်ပရေတာမိတ်ဘက်တွေနဲ့လည်း နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လောလောဆယ် အိန္ဒိယမိုဘိုင်း 5G ကွန်ရက်ဝန်ဆောင်မှုကို အဓိကတယ်လီကွန်းအောပ်ရေတာကြီးနှစ်ခုဖြစ်တဲ့ Airtel နဲ့ Reliance Jio တို့က ထောက်ပံ့ပေးနေပါတယ်။
Photo: Gizmochina
Airtel 5G Plus ကို ဒူဘိုင်း ၊ မွမ်ဘိုင်း ၊ ချန်နိုင်း ၊ ဘန်ဂလာရူ ၊ ဟိုက်ဒရာဘတ် ၊ ဆီလီဂူရီ ၊ နာဂပူရ် နဲ့ ဗာရာဏသီ စတဲ့ မြို့ကြီး ၈ မြို့မှာ ဝန်ဆောင်မှုပေးဖို့ လုပ်ဆောင်နေပါတယ်။ Reliance Jio ကတော့ ကနဦးအဆင့် 5G အစမ်းလွှင့်တင်မှုကို မွမ်ဘိုင်း ၊ ဒေလီ ၊ ကာလကတ္တား နဲ့ ဗာရာဏသီမြို့ကြီး ၄ မြို့မှာ စတင်နေပါတယ်။ ကုမ္ပဏီရဲ့ True 5G ဝန်ဆောင်မှုတွေကိုလည်း အဲ့ဒီမြို့ကြီးတွေကပဲ အရင်ဆုံး အသုံးပြုနိုင်မှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယဖုန်းကုမ္ပဏီ Lava ဟာ နိုင်ငံအတွင်း ဈေးအနည်းဆုံး 5G ဖုန်းဖြစ်တဲ့ Lava Blaze 5G ကို မိတ်ဆက်သွားပါတယ်။ MediaTek Dimensity 700 Chipset သုံး ဒီဖုန်းဟာ waterdrop notch ကင်မရာ ၊ 5000mAh ဘက်ထရီနဲ့ Android 12 စနစ် သုံးထားပြီး ရူပီး ၁ သောင်းဝန်းကျင် (မြန်မာငွေ ၂ သိန်း၆ သောင်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။