အိန္ဒိယတယ်လီကွန်းလုပ်ငန်း Reliance Jio ဟာ အိန္ဒိယတလွှားမှာ ဂြိုလ်တုအခြေပြု Broadband အင်တာနက်ဝန်ဆောင်မှုတစ်ခု လုပ်ဆောင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
Reliance Jio ဟာ လူဇင်ဘာ့ဂ်အခြေစိုက် ဂြိုလ်တု content ချိတ်ဆက်ရေးဝန်ဆောင်မှုလုပ်ငန်း SES နဲ့ ပူးပေါင်းပြီး Jio Space Technology Limited နာမည်နဲ့ ဂြိုလ်တု Broadband အင်တာနက်ဝန်ဆောင်မှုတစ်ခု လုပ်ဆောင်သွားမယ်လို့ IndiaTimes သတင်းက ဖော်ပြပါတယ်။

Photo: Gadgets NDTV
Jio Space Technology Limited ဟာ အိန္ဒိယအနှံ့အပြား ဖြန့်ကြက်အသုံးပြုသုံးနိုင်ပြီး နှုန်းသင့်တင့်တဲ့ Broadband ဝန်ဆောင်မှုပေးဖို့ ဂြိုလ်တုနည်းပညာ သုံးသွားမှာပါ။ Jio Space Technology Limited မှာ အိန္ဒိယတယ်လီကွန်း Jio က ရှယ်ယာ ၅၁% နဲ့ SES ကုမ္ပဏီက ရှယ်ယာ ၄၉% စီ ပိုင်ဆိုင်ကြမှာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီသစ်ဟာ Multi-Gigabit Links ချိတ်ဆက်မှုပေးနိုင်ပြီး အိန္ဒိယက လက်လီဖောက်သည်တွေနဲ့ လုပ်ငန်းစုကြီးတွေကို အများဆုံး အင်တာနက်မြန်နှုန် 100Gbps နှုန်းအထိ ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်တော့ ဝန်ဆောင်မှုပေးမယ့် နာမည်အကြောင်း မသိရသေးပါဘူး။ Jio ဟာ Gateways နဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူမှုတွေ ပါဝင်တဲ့ ဒေါ်လာ သန်း ၁၀၀ တန် နှစ်ပေါင်းများစွာ ဝယ်ယူရေးသဘောတူညီချက်တစ်ခုလည်း သဘောတူညီထားတယ်လို့ ဆိုပါတယ်။
Photo: spacenews
ဒီဝန်ဆောင်မှုဟာ မြေပြင်အမြင့်မိုင် ၂၂၃၀၀ ခန့်က အီကွေတာပတ်လမ်းမှာရှိတဲ့ Geostationary (GEO) ပတ်လမ်းနဲ့ အလယ်အလတ်ကမ္ဘာပတ်လမ်း (MEO) ဂြိုလ်တုတွေ ပေါင်းပြီး ဖောက်သည်တွေအတွက် မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှု ပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ Jio Space Technology ဟာ အိန္ဒိယကို ချိတ်ဆက်မယ့် SES-12 GEO ဂြိုလ်တု နဲ့ O3b mPOWER ဆိုတဲ့ SES ရဲ့ MEO ဂြိုလ်တုအစုအဝေးကြီးကို သုံးပြီး ဂြိုလ်တုအခြေပြုအင်တာနက်ဖြန့်ကြက်မှု လုပ်ဆောင်သွားမှာပါ။
Jio ကတော့ ဒီဝန်ဆောင်မှုနဲ့ နာမည်ကြီး ဘီလျံနာ အီလွန်မတ်စ်ရဲ့ Starlink ဝန်ဆောင်မှုကို ကျော်တက်နိုင်ဖို့ မျှော်မှန်းချက် ထားနေပါတယ်။ Starlink ဟာ အိန္ဒိယထဲ ဝန်ဆောင်မှုစတင်ဖို့ လုပ်ခါမှ အစီအစဉ်ပျက်တာကြောင့် တပ်ခေါက်ခဲ့တဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။