အိန္ဒိယနိုင်ငံမှ ဆေးဝါးကျွမ်းကျင် ဝန်ထမ်းတစ်ဦးဟာ COVID-19 ကပ်ရောဂါ ကုသရန်အတွက် တတ်ယောင်ကားဖြင့် ကိုယ်တိုင်ဖော်စပ်ထားတဲ့ ဓာတုဗေဒပစ္စည်းများ ပေါင်းစပ်ထားတာကို စမ်းသပ် သောက်ကြည့်ခဲ့ရာ သေဆုံးသွားခဲ့ပါတယ်။
(Photo: AFP)
၎င်းနဲ့အတူသောက်ခဲ့တဲ့ အထက်အရာရှိကိုတော့ အဆိပ်သင့်မှုကြောင့် ဆေးရုံတင်ထားရတယ်လို့ မေ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆေးဝါးကျွမ်းကျင်နဲ့ အထက်အရာရှိတို့ဟာ ဆေးဖက်ဝင်အပင်တွေမှ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးက အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့ရှိ အိမ်တစ်အိမ်မှာ နိုက်ထရစ်အောက်ဆိုဒ် (nitric oxide) နဲ့ ဆိုဒီယမ်နိုက်ထရိတ် (sodium nitrate) တို့ကို ရောစပ်ပြီး COVID-19 ကုသရန်အတွက် စမ်းသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: AFP via Getty Images)
ထိုသို့ စမ်းသပ် သောက်ကြည့်ခဲ့ကြရာ အသက် ၄၇ နှစ်အရွယ် K Sivanesan ဟာ နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Ashok Kumar က ပြောပါတယ်။ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက် အထက်အရာရှိ Rajkumar အဆိပ်သင့်မှုကြောင့် ဆေးရုံရောက်ခဲ့ပြီးနောက် ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။ Sivanesa က ဓာတုဗေဒပစ္စည်းတွေကို ဒေသတွင်း ဈေးတစ်ခုကနေ ဝယ်ယူလာခဲ့ပြီးနောက် အင်တာနက်မှာ ရှာဖွေလေ့လာကာ ဖော်စပ်နည်းကို ဖန်တီးခဲ့ကြတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: AFP via Getty Images)
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၃ သိန်းနီးပါးရှိခဲ့တဲ့ COVID-19 အတွက် အတည်ပြုထားတဲ့ ကုသဆေးမရှိသေးဘဲ ကမ္ဘာတစ်ဝှမ်း အချိန်လုပြီး ထုတ်လုပ်နေကာ လူတွေမှာ စမ်းသပ်မှုအချို့ လုပ်ဆောင်ထားဆဲ ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း COVID-19 ကူးစက်ခံရသူ ၆၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁,၉၉၀ ဦးရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၇,၉၅၆ ဦးဖြစ်ကြောင်း ယနေ့ (မေ ၁၀ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ သိရှိရပါတယ်။