iPhone 13 မိတ်မဆက်ခင် ရက်ပိုင်းအလိုမှာ အိန္ဒိယ e-Commerce ကြီးတစ်ခုဖြစ်တဲ့ Flipkart က iPhone 12 မော်ဒယ်တွေကို ဈေးအကြီးအကျယ်ချပြီး ရောင်းချနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက် iPhone သစ် မိတ်ဆက်ပွဲ မတိုင်ခင် တစ်ရက်မှာ iPhone 12 စီးရီးတွေကို Flipkart က Discount အကြီးအကျယ်ချရောင်းနေတာ ဖြစ်တယ်လို့ Gizchina သတင်းက ဖော်ပြထားပါတယ်။ Flipkart ပေါ်မှာ iPhone 12 Mini (64GB,128GB နဲ့ 256GB) တို့ကို မူရင်းဈေး ရူပီး ၆၉၉၀၀ ၊ ၇၄၉၀၀ နဲ့ ရူပီး ၈၄၀၀၀ ဈေးတွေကနေ ၅၉၉၉၉ ရူပီး ၊ ၆၄၉၉၉ ရူပီးနဲ့ ၇၄၉၉၉ ရူပီး ဆိုပြီး ရူပီး ၁၀၀၀၀ နီးပါး (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေးအထိ ချပြီး ရောင်းချနေတာပါ။
Photo: indianexpress
iPhone 12 64GB ကို မူရင်းဈေး ရူပီး ၇၉၉၀၀ ကနေ ရူပီး ၆၆၉၀၀ ဆိုပြီး ရူပီး ၁၃၀၀၀ (မြန်မာငွေ ၃ သိန်းခန့်) အထိ ဈေးချပေးနေတယ်လို့ ဆိုပါတယ်။ 128GB နဲ့ 256GB တွေကိုတော့ ရူပီး ၈၄၉၀၀ နဲ့ ၉၄၉၀၀ ကနေ ၇၁၉၉၉ ရူပီး နဲ့ ၈၁၉၉၉ ရူပီး ဈေးတွေအထိ ချရောင်းနေပါတယ်။ ရူပီး ၁၂၉၀၀ Discount ပေးတာ ဖြစ်လို့ လက်ရှိပေါက်ဈေး အိန္ဒိယငွေ တစ်ရူပီးကို မြန်မာငွေ ၂၃.၅၅ ကျပ်နဲ့ တွက်ကြည့်မယ်ဆိုရင် မြန်မာငွေ ၃ သိန်းကျော် Discount ပေးထားတယ်လို့ ဆိုရမှာပါ။
128GB ၊ 256GB နဲ့ 512GB ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ထွက်ထားတဲ့ iPhone 12 Pro နဲ့ Pro Max တို့မှာလည်း Discount ပေးထားပါတယ်။ iPhone 12 Pro ကို အခုချိန်မှာရူပီး ၁၁၅၉၀၀ ၊ ရူပီး ၁၂၅၉၀၀ နဲ့ ရူပီး ၁၄၅၉၀၀ ဈေးတွေနဲ့ ရောင်းချထားပြီး Pro Max ကတော့ ရူပီး ၁၂၅၉၀၀ ၊ ရူပီး ၁၃၅၉၀၀ နဲ့ ရူပီး ၁၅၅၉၀၀ ဈေးတွေနဲ့ ရောင်းချနေပါတယ်။ အိန္ဒိယလိုပါပဲ တရုတ်မှာလည်း iPhone 12 တွေကို တချို့ပလက်ဖောင်းတွေပေါ်မှာ ဈေးချရောင်းနေတယ်လို့ ဆိုပါတယ်။
တရားဝင်ဈေး ၆၇၉၉ ယွမ် (၁၀၅၄ ဒေါ်လာ) ပေါက်တဲ့ iPhone 12 128GB မော်ဒယ်ကို တချို့ ပလက်ဖောင်းမှာ ၄၇၉၉ ယွမ် (၇၄၄ ဒေါ်လာခန့်) နဲ့ ယွမ် ၂၀၀ (မြန်မာငွေ ၅ သိန်းကျော်) ဈေးအထိ Discount ချရောင်းနေတယ်လို့လည်း Gizmochina သတင်းက ဆိုပါတယ်။ iPhone 13 သစ်တွေ ဝင်တော့မှာ ဖြစ်လို့ iPhone 12 ဈေး သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။
အသစ်ဝင်လာမယ့် iPhone 13 တွေထဲမှာ 1TB storage ဗားရှင်းလည်း ပါလာဖို့ ရှိပြီး အမြင့်ဆုံးမော်ဒယ်ဟာ ဒေါ်လာ ၂၀၀၀ ကျော် (လက်ရှိအပြင်ပေါက်ဈေးနဲ့ဆို သိန်း ၄၀ ကျော်) အထိ ရှိမယ်လို့ သတင်းထွက်နေပါတယ်။