အာရှဒေသတွင်း COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံမှာ နေ့အလိုက် ကူးစက်မှု ကမ္ဘာ့အမြင့်ဆုံး စံချိန်သစ်ထပ်တင်ခဲ့ပြီးနောက် စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၄ သန်းကျော်လွန်လာခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ယနေ့ (စက်တင်ဘာ ၅ ရက်) တရားဝင် ထုတ်ပြန်မှုအရ အိန္ဒိယမှာ ကူးစက်ခံရသူ နောက်ထပ် ၈၆,၄၃၂ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး တစ်ကမ္ဘာလုံးမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးအဖြစ် နောက်တစ်ကြိမ် စံချိန်တင်ခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့နိုင်ငံတွေအနက် ကူးစက်မှု ၄ သန်းကျော်လွန်လာခဲ့တဲ့ တတိယမြောက်နိုင်ငံလည်း ဖြစ်လာပါတယ်။ တစ်ကမ္ဘာလုံးမှာ လက်ရှိအချိန်န်အထိ ကူးစက်မှု ၆.၃ သန်းကျော် တွေ့ရှိထားတဲ့ အမေရိကန်နဲ့ ကူးစက်မှုမှု ၄.၁ သန်းကျော်ရှိတဲ့ ဘရာဇီးတို့ပြီးလျှင် အိန္ဒိယက တတိယ ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ကြောင်း သိရပါတယ်။
(Photo: AFP)
အစိုးရက စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် COVID-19 ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့စဥ် အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုအသစ် အမြန်ဆုံး တိုးလာနေတဲ့ နိုင်ငံဖြစ်ပြီး တစ်ရက်လျှင် လူ ၈၀,၀၀၀ ကျော် ကူးစက်ခံနေရပြီး သေဆုံးမှုအရေအတွက်ကလည်း နေ့စဥ် ၁,၀၀၀ ကျော် ဖြစ်နေပါတယ်။
အိန္ဒိယမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ၁၃ ရက်အတွင်း ၃ သန်းမှ ၄ သန်းဖြစ်လာခဲ့ပြီး အမေရိကန်နဲ့ ဘရာဇီးတို့ထက် ပိုမိုလျင်မြန်စွာ ကူးစက်နေခဲ့ပါတယ်။ ယခင် ကူးစက်မှု ၂ သန်းကနေ ၃ သန်းဖြစ်ခဲ့ရာမှာတော့ ရက် ၁၀၀ ကြာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)
လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ မွမ်ဘိုင်းနဲ့ နယူးဒေလီကဲ့သို့ အဓိက မြို့ကြီးတွေမှာ COVID-19 ကူးစက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပေမဲ့ ယခုအခါမှာတော့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ ကူးစက်မှုများ မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ခဲ့ချိန်မှစပြီး ယခုအချိန်အထိ မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်ဟာ အိန္ဒိယမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာ ဖြစ်နေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝန်း နေ့စဥ် တိုးလာနေတဲ့ ကူးစက်မှုတွေရဲ့ လေးပုံတစ်ပုံကို မဟာရက်ရှ်ထရာမှာ တွေ့နေရဆဲလို့ ဆိုပါတယ်။ မဟာရက်ရှ်ထရာမှာ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ခြင်းမရှိဘဲ အိန္ဒိယမှာ COVID-19 ကို ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း စီးပွားရေးဆိုင်ရာ ပါမောက္ခနဲ့ အစိုးရအကြံပေးအရာရှိဟောင်း Shamika Ravi က Twitter မှာ ပြောထားပါတယ်။