ပြီးခဲ့တဲ့နှစ်ကထက် ရောင်းအား ၁.၅ ဆ ပိုပြီး တိုးတက်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်

ဒေါ်လာထောင်ချီတန် တန်ဖိုးမြင့် Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 သစ်တွေကို ဝယ်ဖို့ ကြိုတင်စာရင်းသွင်းမှုဟာ ၁၂ နာရီအတွင်း အယောက် ၅ သောင်းကျော် ရှိခဲ့တယ်လို့ Samsung India က ဆိုပါတယ်။ 

ဩဂုတ်လ ၁၀ ရက်နေ့က တရားဝင် ကြေညာသွားတဲ့ Samsung ရဲ့ ပရီမီယံ Foldable ဖုန်းသစ်တွေကို Pre-Booking တင်ကြသူဦးရေဟာ ၁၂ နာရီမပြည့်ခင်မှာ ဦးရေ ၅ သောင်းကျော် ရှိခဲ့တယ်လို့ Samsung India ရဲ့ အကြီးတန်းဒုက္ကဌဖြစ်သူ ရာဂျူး ပူလန်က ဆိုပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 ထုတ်ကုန်သစ်တွေအတွက် Pre-Booking စပြီး လက်ခံတဲ့ ပထမရက်မှာပဲ Foldable ဖုန်းဝယ်ဖို့ စာရင်းသွင်းမှု စံချိန်တင်ခဲ့တာလို့ IANS ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။




"Samsung ဟာ ဒီနှစ်ထဲမှာ Foldable ဖုန်းတွေကို အရင်ကထက် ၁ ဆခွဲ ပိုရောင်းချနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကျွန်တော်တို့ ပစ်မှတ် Target မှီမယ်လို့ ယုံကြည်နေပါတယ်။ အခုထွက်လာတဲ့ Foldable ဖုန်းသစ်တွေက ပြီးခဲ့တဲ့နှစ်ကနဲ့ စာရင် အဆင့်မြှင့်တင်မှုတွေ အများကြီး လုပ်ထားလို့ပါ။" လို့ ပူလန်က IANS ကို ပြောပါတယ်။ PTI က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ငွေကြေးဖောင်းပွမှုတွေကြောင့် အိန္ဒိယဖုန်းဝယ်လိုအား ကျဆင်းနိုင်တဲ့အပေါ် Samsung က စိုးရိမ်ခြင်းမရှိဘဲ ဒီနှစ်ထဲမှာ ရောင်းအား ဂဏန်းနှစ်လုံးနဲ့အထက် ဖွံ့ဖြိုးမှုရှိလာနိုင်တယ်လို့ ဆိုပါတယ်။ 

Samsung ရဲ့ ထုတ်ကုန်ဈေးကွက်မြှင့်တင်ရေးအကြီးအကဲတစ်ဦး ဖြစ်တဲ့ အက်ဒစ်ယာ ဘတ်ပါက "ကျွန်တော်တို့ လုပ်ငန်းတွင်းခန့်မှန်းသုံးသပ်ချက်တွေအရ ဈေးကွက်က အားကောင်းတဲ့ ဖွံ့ဖြိုးမှု ရှိလာမယ်။ ၂ ဆနှုန်း တိုးလာနိုင်ပါတယ်။" လို့ ပြောပါတယ်။ ပရီမီယံကဏ္ဍတစ်ခုတည်းတင် ပြီးခဲ့တဲ့နှစ်ကထက် ရောင်းအား ၁.၅ ဆ ပိုပြီး တိုးတက်လာဖို့လည်း ရှိတယ်လို့ သူက ထပ်ပြောပါတယ်။ 

Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တို့ဟာ လက်ရှိမှာ မြို့ပေါင်း ၁ သောင်းကျော်က စတိုးဆိုင်တွေပေါ် ရောက်ရှိနေပြီ ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် Foldable ဖုန်းတွေတုန်းကထက် လက်လီအရောင်းဆိုင်အရေအတွက်ကို နှစ်ဆတိုးလိုက်တာလို့လည်း ပူလန်က ပြောပါတယ်။ Samsung ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Foldable ဖုန်းတွေ အဝယ်လိုက်စေဖို့ အသုံးပြုသူကို ဖုန်းအစမ်းပေးသုံးနိုင်အောင် အိန္ဒိယက ဖုန်းဆိုင်တွေမှာ အစမ်းသုံးနိုင်မယ့် demo အလုံးပေါင်း ၁၂၀၀၀ ကျော် ထားပေးထားတယ်လို့ ဆိုပါတယ်။ 

Samsung Special Live ပွဲမှာ ဖုန်းတစ်လုံးစီအတွက် အစောဆုံးမှာသူ early birds တွေကို ရူပီး ၅၂၀၀ တန် Wireless Charger Duo တစ်လုံး လက်ဆောင်ပေးခဲ့သလို Galaxy Z Flip 4 Bespoke Edition ဝယ်သူတွေကိုလည်း ရူပီး ၂၀၀၀ တန် Slim Clear Cover တစ်ခု ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Galaxy Z Fold 4 ဖြစ်ဖြစ် Z Flip 4 ဖြစ်ဖြစ် ဝယ်ယူဖို့ Pre-Booking တင်သူတွေဟာ ရူပီး ၈၀၀၀ တန် Cashback ပြန်ရမယ်လို့လည်း ဆိုပါတယ်။ 


Galaxy Z Fold 4 ဟာ Graygreen ရောင် Beige ညိုရောင် ၊ Phantom Black အနက်ရောင်ဆိုပြီး ၃ မျိုးနဲ့ ထွက်ထားပြီး 12/256GB ဗားရှင်းကို ရူပီး ၁၅၅၀၀၀ (မြန်မာငွေ ၄၂ သိန်းဝန်းကျင်) နဲ့ 12/512GB ဗားရှင်းအတွက် ရူပီး ၁၆၅၀၀၀ (မြန်မာငွေ ၄၅ သိန်းဝန်းကျင်) ဈေးတွေ သတ်မှတ်ထားပါတယ်။ Galaxy Z Flip 4 ကိုတော့ Bora Purple ရောင် ၊ Graphite ကာလာနဲ့ Pink Gold ရွှေကာလာ ၃ မျိုးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး 8/128GB ဗားရှင်းကို ရူပီး ၉၀၀၀၀ (မြန်မာငွေ ၂၄ သိန်းဝန်းကျင်) ဈေးနဲ့ 8/256GB ဗားရှင်းကို ရူပီး ၉၅၀၀၀ (မြန်မာငွေ ၂၅ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


"Galaxy Z Fold 4 ဟာ Flagship 50MP ကင်မရာ ၊ Snapdragon 8 Plus Gen 1 Processor နဲ့လာတဲ့ သင့်အိတ်ကပ်အတွင်းက စွမ်းဆောင်ရည်အကောင်းဆုံး တစ်ကိုယ်တော်ကွန်ပျူတာတစ်လုံးပါ။ Galaxy Z Flip 4 ကလည်း Flex Camera နဲ့ ကိုယ်ပိုင်ပုံစံကို ဖော်ပြချင်တဲ့ လူငယ်အသုံးပြုသူတွေအတွက် အကောင်းဆုံးထုတ်ကုန်ပါပဲ။" လို့ ပူလန်က ပြောပါတယ်။ Samsung ဟာ ဒီနှစ် ပထမ ၆ လအတွင်းမှာ စမတ်ဖုန်းဈေးကွက်ဝေစုရဲ့ ၂၂% ကို လွှမ်းခြုံထားတယ်လို့လည်း သိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က