ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဒီနေ့မနက်(၇)နာရီသတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ (၁၇)ဦးတွေ့ရှိခဲ့ပါတယ်။
တွေ့ရှိခဲ့တဲ့ (၁၇)ဦးစလုံးက အိန္ဒိယနိုင်ငံကပြန်လာသူတွေဖြစ်ပြီး နေရပ်လိပ်စာတွေအရ ရန်ကုန်တိုင်းက (၁၅)ဦးနဲ့ မန္တလေးတိုင်းက (၂)ဦးဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ လူနာအမှတ်(၂၁၈)နဲ့ အမှတ်(၂၂၀)တို့က အသက် ဆယ်နှစ်အောက်ကလေးငယ်တွေပါ။ အမှတ်(၂၁၈)က အသက်လေးနှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး အမှတ်(၂၂၀)က အသက်(၉)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးလည်းဖြစ်ပါတယ်။
ကလေးငယ်နှစ်ဦးစလုံးရဲ့ဖော်ပြထားတဲ့နေရပ်လိပ်စာအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကလို့သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေပြီး နေရပ်ပြန်ဖို့အတွက် အခက်အခဲရှိနေသူတွေကို အစိုးရရဲ့ကယ်ဆယ်ရေးလေယာဉ်နဲ့သွားရောက်ခေါ်ဆောင်ပေးခဲ့ရာမှာ မေလ ၂၇ရက်အထိ သုံးသုတ်ခွဲပြီး ပြန်လည်ရောက်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းတွေကို တိုက်ရိုက်မပြန်စေဘဲ ရန်ကုန်မှာ ကွာရန်တင်း ၂၁ရက်နေထိုင်စေကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကို စစ်ဆေးပေးနေပါတယ်။ မေလ ၂၇ရက်နေ့အထိစာရင်းအရ အိန္ဒိယနိုင်ငံကနေ သွားရောခေါ်ဆောင်လာသူဦးရေ ၂၉၈ဦးအထိရှိနေပြီး မေလ ၃၀ရက်မနက်ပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ ၂၄ဦးအထိရှိနေပါပြီ။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုအဖြေထုတ်ပြန်ချက်အရ မေလ ၁၆ရက်ကနေ ၃၀ရက်အထိ ပြည်ပကသွားရောက်ခေါ်ဆောင်လာသူတွေထဲက ရောဂါပိုးတွေ့ရှိမှုက ၄၂ဦးအထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။ နိုင်ငံအလိုက်စာရင်းအရတော့ အိန္ဒိယကပြန်လာသူတွေက ဒီနေ့မနက်တွေ့ရှိခဲ့တဲ့ ၁၇ဦးအပါအဝင် ၂၁ဦးရှိနေပြီး မလေးရှားက ပြန်လာသူ ၁၂ဦး၊ ယူအေအီးကပြန်လာသူ ၈ဦးနဲ့ အီတလီကပြန်လာသူ ၁ဦးတို့မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိထားပါတယ်။ ဒီနေ့မနက်မှာ အတည်ပြုလူနာအဖြစ် ကြေညာခံခဲ့ရတဲ့ကလေးငယ်နှစ်ဦးမတိုင်ခင် မြန်မာနိုင်ငံမှာ အသက်ဆယ်နှစ်အောက်ကလေးငယ် လေးဦးရောဂါပိုးတွေ့ရှိကြောင်းကြေညာခံခဲ့ရပြီး အားလုံးရောဂါပိုးကင်းစင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီကလေးငယ်တွေကတွေထဲမှာ အသက် တစ်နှစ်ခွဲအရွယ်ကလေးငယ်က မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး ကိုဗစ်-၁၉ပိုးတွေ့လူနာဖြစ်ခဲ့တာပါ။ မေလ ၃၀ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ ၂၂၄ဦးရှိနေပြီး ၆ဦးသေဆုံးကာ ရောဂါကင်းစင်လာသူ ၁၃၀ဦးရှိနေပါတယ်။