• Featured

    အင်ဒိုနီးရှားမှာ ပထမဆုံး အိုမီခရွန်ဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု တွေ့ရှိရ

အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်

အရှေ့တောင်အာရှဒေသတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် ပထမဆုံး ပြည်တွင်းကူးစက်မှုတစ်ခု တွေ့ရှိခဲ့ရပြီးနောက် ထိတွေ့ဆက်စပ်မှုရှိသူတွေကို ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ခြေရာခံ စုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။

image

အင်ဒိုနီးရှားမှာ ပထမဆုံးတွေ့ရတဲ့ အိုမီခရွန်ကူးစက်ခံရသူဟာ Medan မြို့မှ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယခုလအစောပိုင်းက ဂျကာတာမြို့ အလယ်ပိုင်းရှိ စီးပွားရေးလုပ်ငန်းများရှိရာ နေရာသို့ လာရောက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Siti Nadia Tarmizi က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုအမျိုးသားဟာ နိုင်ငံရပ်ခြားသို့ ခရီးသွားခဲ့ခြင်း သို့မဟုတ် နိုင်ငံတကာခရီးသွားတွေနဲ့ ထိတွေ့ခဲ့ဖူးခြင်း မရှိဘူးလို့ ဆိုပါတယ်။ ၎င်းဟာ COVID-19 ရောဂါလက္ခဏာမပေါ်ကြောင်းနဲ့ နေအိမ်မှာ သီးခြားခွဲနေထိုင်ခဲ့ပြီးနောက် ယခုအခါ ဂျကာတာမြို့ရှိ ဆေးရုံတစ်ရုံမှာ သီးခြားခွဲထားတယ်လို့ သိရပါတယ်။

"ဒီပြည်တွင်းကူးစက်မှုတစ်ခု တွေ့လာရတာကြောင့် အသွားအလာ ကန့်သတ်မှုတွေကို အထူးသဖြင့် ခရစ်စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေအတွင်း သတ်မှတ်သွားပါမယ်" လို့ Tarmizi က ပြောပါတယ်။ အိုမီခရွန်ကူးစက်ခံရတဲ့ အမျိုးသားရဲ့ ဇနီးဖြစ်သူမှာတော့ ကူးစက်မှုမတွေ့ရဘူးလို့ ဆိုပါတယ်။

ဂျကာတာမြို့ရှိ ကူးစက်ခံရသူတွေကို သီးခြားခွဲထားတဲ့ ဆေးရုံတစ်ရုံမှာ ဝန်ထမ်တစ်ဦး ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရမှုတွေ့ရပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းမျဥ်းတွေကို အတိအကျ လိုက်နာကြရန် ယခုလအစောပိုင်းမှ တိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ အိုမီခရွန်ကူးစက်မှု ၄၇ ခု စစ်ဆေးတွေ့ရှိထားပြီး ယခုအမျိုးသားကလွဲပြီး ပြည်ပကူးစက်မှုတွေလို့ ဆိုပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာ့နိုင်ငံတွေအနက် စတုတ္တမြောက် လူဦးရေအများဆုံးဖြစ်ပြီး COVID-19 ကူးစက်မှု ၄.၂ သန်းနဲ့ သေဆုံးမှု ၁၄၄,၀၀၀ ရှိခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကြုံနေခဲ့ရပါတယ်။ သို့သော် ဇူလိုင်လအတွင်း ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများ အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှားမှာ ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း ထိုင်းနိုင်ငံမှာလည်း အိုမီခရွန်ဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု တွေ့ရှိထားကြောင်း သိရပါတယ်။ မလေးရှားနိုင်ငံမှာတော့ အိုမီခရွန် ပြည်တွင်းကူးစက်မှုအဖြစ် သံသယရှိသူတစ်ဦးကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Khairy Jamaluddin က ယခုသီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။

Source and Photo: Reuters, AP

Share

Loading Next Article...
က္က