• Featured

    အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင်လှုပ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့

ငလျင်ဗဟိုချက်အနီးရှိ မြို့မှာ မြို့ခံများ လမ်းမများပေါ် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်

အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်း ကမ်းလွန်ပင်လယ်ပြင်အောက်မှာ ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

image

(Photo: Reuters)

ငလျင်ရဲ့ပြင်းအားကို အင်ဒိုနီးရှား မိုးလေဝသဌာနက ရစ်ချ်တာကေး ၇.၅ အဖြစ် သတ်မှတ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ငလျင်လှုပ်မှုကြောင့် Flores ကျွန်းပေါ်ရှိ Maumere မြို့မှာ လူတွေအားလုံး လမ်းမများပေါ် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်း မြို့ခံတစ်ဦးဖြစ်သူ Agustinus Florianus က Reuters ကို ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် Maluku, East Nusa Tenggara, West Nusa Tenggara နဲ့ ဆူလာဝေစီ အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ယနေ့ ငလျင်ဟာ Flores ကျွန်းရဲ့ အရှေ့ဘက်ခြမ်းရှိ Larantuka မြို့ရဲ့ အနောက်မြောက်ဘက် ၆၉ မိုင်ကျော်အကွာ ပင်လယ်ကြမ်းပြင်အောက်အနက် ၇.၅ မိုင်မှာ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ထိုငလျင်လှုပ်ပြီးနောက် Larantuka မှာ ရစ်ချ်တာစကေး ၅.၆ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ ငလျင်လှုပ်မှုအတွင်း လူတစ်ဦး ဒဏ်ရာရခဲ့ပြီး အသေးစား ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ငလျင်လှုပ်မှုကို ဆူလာဝေစီတောင်ပိုင်း Makassar မြို့မှာ ပြင်းပြင်းထန်ထန် ခံစားရကြောင်း မြို့ခံတွေက ဆိုရှယ်မီဒီယာမှာ ပြောကြပါတယ်။

အမေရိကန်အခြေစိုက် Pacific Tsunami Warning Center က ထုတ်ပြန်ချက်အရ ငလျင်ရဲ့ဗဟိုချက်မှ ၆၂၃ မိုင်ကျော်အတွင်းရှိ ကမ်းရိုးတန်းနေရာတွေမှာ အန္တရာယ်ရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်နိုင်ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားဟာ မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ ပစိဖိတ်မီးကွင်းလို့ခေါ်ကြတဲ့ ဇုန်ပေါ်မှာတည်ရှိနေပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က အင်ဒိုနီးရှားရှိ ဆီမီရူမီးတောင် (Mount Semeru) ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ၄၈ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က