ကမ္ဘာ့အချမ်းသာဆုံး နည်းပညာဘီလျံနာကြီးကတော့ အင်္ဂါဂြိုလ်အတွက် လက်မှတ်တစ်စောင် ဒေါ်လာ ၁ သိန်းကို လူတိုင်းလိုလို ဝယ်နိုင်မယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။
TED Conferences အကြီးအကဲဖြစ်သူ ခရစ္စ အန်ဒါဆင်နဲ့ တွေ့ဆုံရာမှာ မတ်စ်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ SpaceX အာကာသယာဉ်ကုမ္ပဏီကို ထောင်ထားတဲ့ မတ်စ်ဟာ လာမယ့် ၂၀၅၀ အရောက်မှာ သူ့ရဲ့ SpaceX ယာဉ်တွေ အကူအညီနဲ့ အင်္ဂါဂြိုလ်ပေါ် လူ ၁ သန်းအထိ ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အင်္ဂါဂြိုလ်သွား အာကာသလက်မှတ်တစ်စောင်ကိုလည်း လူတိုင်းနီးပါး တတ်နိုင်မယ့် ဈေးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၄ ရက်နေ့က အန်ဒါဆင်နဲ့ တွေ့ဆုံမှုမှာ "အင်္ဂါဂြိုလ်ကို သွားနေမယ်ဆိုရင် ကုန်ကျစရိတ် ဒေါ်လာ ၁ သိန်းလောက် ကျနိုင်ပါတယ်။ နောက်ပြီး ဒီပမာဏကိုတော့ လူတိုင်းလောက်နီးနီး ဝယ်နိုင်မယ်လို့ ထင်ပါတယ်။ အင်္ဂါဂြိုလ် သွားချင်တယ်ဆိုရင် ပိုက်ဆံစုထားပါ။ နောက်ဆုံး ဒေါ်လာ ၁ သိန်းရှိလာရင် သွားလို့ ရပါပြီ" လို့ ပြောခဲ့တာပါ။
အင်္ဂါဂြိုကို သွားချင်တဲ့သူတိုင်းကို ပို့နိုင်အောင် လုပ်ပေးချင်တယ်လို့လည်း မတ်စ်က ပြောပါတယ်။ မတ်စ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက အာကာသသွား လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁ သိန်းနှုန်း ထားလို့ ဖြစ်နိုင်တယ်လို့ ပြောခဲ့သူလည်း ဖြစ်ပါတယ်။
"အင်္ဂါဂြိုလ်သွားလက်မှတ်တစ်စောင် (အပြန်လက်မှတ်ဖိုး အခမဲ့) ဟာ တစ်နေ့နေ့မှာ ဒေါ်လာ ၅ သိန်းအောက် ရောက်နိုင်ပါတယ်။ ဒေါ်လာ ၁ သိန်းအောက်တောင် ဖြစ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"လို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။
အဆင့်အတန်းမြင့်ပြီး စီးပွားရေးကောင်းတဲ့ အများစုအဖို့ ကမ္ဘာပေါ်က သူတို့ရဲ့ အိမ်တွေ ရောင်းချပြီး စိတ်ပါရင် အင်္ဂါဂြိုလ်ပေါ် သွားနေလို့ ရနိုင်တယ်လို့လည်း မတ်စ်က ပြောခဲ့ပါတယ်။ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ SpaceX Starships အစင်း ၁၀၀၀ တည်ဆောက်ပြီး ၂၀၅၀ အရောက်မှာ လူပေါင်း ၁ သန်းကျော်ကို အင်္ဂါဂြိုလ်ပေါ် ပို့ဆောင်နိုင်ဖို့လည်း မတ်စ်က မျှော်လင့်ထားပါတယ်။
အင်္ဂါဂြိုလ်ပေါ် ပထမဆုံး လူသားတွေ ဆင်းသက်နိုင်မယ့်အချိန်ကိုတော့ လာမယ့် ၂၀၂၉ ခုနှစ်အတွင်း ဖြစ်နိုင်တယ်လို့လည်း သူက ခန့်မှန်းထားတာ ဖြစ်ပါတယ်။ မတ်စ်ဟာ အင်္ဂါဂြိုလ်ပေါ် လူတွေ အခြေချနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းနေပြီး သူ့ပိုင် ငွေအားလုံးကိုလည်း အင်္ဂါဂြိုလ်ပေါ် လူနေနိုင်ရေးအစီအစဉ်အတွက် ပုံအောသုံးသွားမယ်လို့ ပြောထားသူ ဖြစ်ပါတယ်။