ရီးရဲလ်မက်ဒရစ်အသင်းဟာ အုပ်စု D ရဲ့ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး အုပ်စု B မှာ ပေါ်တိုကို အနိုင်ရရှိခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကတော့ လီဗာပူးလ်နဲ့နောက် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အင်တာမီလန်ကို တိုနီ ခရူးစ်နဲ့ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂ သင်းစလုံးဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်က ၆ ပွဲကနေ ၁၅ မှတ်၊ အင်တာမီလန်ကတော့ ၆ ပွဲကနေ ၁၀ မှတ်နဲ့ အုပ်စုပွဲစဉ်ကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ရှရစ် တီရာစပေါ်ကတော့ အုပ်စုတတိယနေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကန်ရပြီဖြစ်ပြီး ဘိုဘန် နီကိုးရဲ့ နောက်ကျချေပဂိုးကြောင့် ရှက်တာဒိုးနတ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

အုပ်စု B မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပေါ်တိုအသင်းအိမ်ကွင်းမှာ အိမ်ရှင်ကို အသည်းခွဲပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မှာတော့ အဖြစ်အပျက်တွေ အများအပြား ရှိနေခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်က ၅၆ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီးနောက် ၆၇ မိနစ်မှာ ကာရက်စ်ကို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး မိနစ် ၇၀ နဲ့ ၇၅ မိနစ်တိုု့မှာ ပေါ်တိုအသင်းဘက်က ဝမ်ဒဲလ်၊ အဂူစတင် မာခေဆီနင်တို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
၂ ယောက်လျော့သွားတဲ့ အိမ်ရှင်ပေါ်တိုအသင်းဟာ ၁ ယောက်လျော့နေတဲ့ အက်သလက်တီကို မက်ဒရစ်ကို ပွဲကစားချိန်နောက်ဆုံးမိနစ်တွေမှာ တောင့်မခံနိုင်ခဲ့ဘဲ အိန်ဂျယ် ကော်ရီရာ၊ ရိုဒရီဂို ဒီ ပေါလ်တို့ရဲ့ နောက်ထပ်ဦးဆောင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး နာကျင်အချိန်ပိုမှာ ဆာဂျီယို အိုလီဗီယာ ပင်နယ်တီကနေ သွင်းယူပေးခဲ့တဲ့ ချေပဂိုးကြောင့် သိက္ခာဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ အေစီမီလန်အသင်းက ဆန်စီရိုမှာ လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီမှာ ဥရောပပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီဖြစ်ပြီး ပေါ်တိုအသင်းကတော့ လာမယ့်နှစ်သစ်ကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားရတော့မှာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက ဘက်ဆစ်တပ်ရှ်ကို ၅-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပေမယ့်လည်း အဲဒီရလဒ်က ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးအတွက် ရှုံးထွက်အဆင့်တက်ရောက်ဖို့ မလုံလောက်ခဲ့ဘဲ နှစ်သစ်ကို ယူရိုပါလိဂ်မှာ ဆင်းကစားရင်း ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းပါဝင်နေတဲ့ အုပ်စု C မှာ အိုင်းယက်စ်တို့က ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲနဲ့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့သလို စပို့တင်းလစ္စဘွန်းကလည်း အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စု A မှာတော့ လိုက်ပ်ဇစ်အသင်းက အုပ်စုဗိုလ် မန်စီးတီးကို အနိုင်ရခဲ့ပေမယ့်လည်း အုပ်စုတတိယနေရာမှသာာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ဘရုဂျက်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့်အုပ်စု ဒုတိယနေရာကနေ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။