စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရာမဲလ်ကို အင်္ဂလန်နဲ့ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့မယ်ဆိုရင် ဂျာမနီနိုင်ငံရဲ့ ဥပဒေအရ ဒဏ်ရိုက်ခံရဖွယ်ရှိနေပါတယ်။ ရာမဲလ်ဟာ ဒီတနင်္ဂနွေမှာ အသက် (၁၇) နှစ် ပြည့်မြောက်တော့မှာပါ။

စပိန်နဲ့ အင်္ဂလန်တို့ကလည်း မနက်ဖြန်မှာ ယူရိုဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ရာမဲလ်ကလည်း သေချာပေါက် စပိန်အတွက် ပွဲထွက် ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီနိုင်ငံမှာ အသက် (၁၈) နှစ်အောက်တွေအတွက် စည်းမျဉ်းစည်းကမ်းတစ်ခု သတ်မှတ်ထားပါတယ်။

အဲ့ဒါကတော့ အသက် (၁၈) နှစ်အောက်တွေအနေနဲ့ ည (၈) နာရီကျော်တဲ့အထိ အလုပ်လုပ်ခွင့်မရှိတာပါ။ အားကစားသမားတွေအတွက် ည (၁၁) နာရီအထိ ချွင်းချက်ပေးထားပေမယ့် စပိန်နဲ့ အင်္ဂလန်ပွဲသာ အချိန်ပို ရောက်ခဲ့ရင် သေချာပေါက် ည (၁၁) နာရီကျော်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့သာ ရာမဲလ်က အချိန်ပိုအထိ ဆက်ကစားရမယ်ဆိုရင် စပိန်ဘောလုံးအဖွဲ့ချုပ်က ယူရို (၃) သောင်း ဒဏ်တပ်ရိုက်ခံရဖွယ်ရှိပါတယ်။ ဒါပေမယ့် စပိန်နည်းပြ ဖူအန်တီကတော့ ရာမဲလ်ကို ထည့်သွင်းကစားသွားမှာဖြစ်ကြောင်း၊ အချိန်ပို ရောက်ခဲ့ရင်လည်း လူစားလဲမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။