အင်းစိန်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ကား ဓားပြတိုက်ခံရပြီး ငွေကျပ် တန်ဖိုး သိန်းပေါင်း ၈၀၀၀ ဝန်းကျင် ရှိ ရွှေပိဿာချိန် (၄) ပိဿာကျော် ပါသွားခဲ့တယ် လို့ သိရပါတယ်။
ဖြစ်စဉ်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေက ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ပစ္စည်းတွေသယ်လာကားကို အင်းစိန်၊လမ်းသစ်လမ်း နဲ့ ကမ်းနားလမ်းဆက်သွယ်ထားတဲ့ တံတားပေါ်မှာ အမည်မသိအမျိုးသားအုပ်စုတဖွဲ့က ကားမှန်ကိုရိုက်ခွဲပြီး ရွှေတွေထည့်ထားတဲ့အိတ်ကိုယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ် ။
" ရွှေတွေအလုခံရတယ်ကြားတာတော့ ဖြစ်တဲ့နေ့ ၁၉ ရက်ညကတည်းကပဲ။ဒါပေမယ့် သေချာမသိရဘူး။ တိုက်သွားတယ်ဆိုတာလောက်ပဲ ကြားတာ။ခုမှ ရွှေထည့်ထားတဲ့အိတ်ပါသွားတယ်။ ကားပေါ်ကအမျိုးသမီးတစ်ဦးဓားထိုးခံရတယ်လို့ သိရတာ။ ညနေစောင်းတွေ ညတွေကတော့အပြင်ကိုထွက်ဖို့မကောင်းတော့ဘူး ၊ ရွှေဆိုင် သိမ်းပြီးပြန်လာတဲ့ကားမှန်း သိတာ အတွင်းလူပဲဖြစ်မယ်လို့ထင်တယ် " လို့ အင်းစိန်ဒေသခံတစ်ဦးကပြောပါတယ်။
ဓားပြတိုက်သူတွေက ဆိုင်ကယ်တွေအသုံးပြုပြီး လုယက်ခဲ့တာဖြစ်ကြောင်း၊ လုယက်စဉ် ဓားထိုးခံရတဲ့အမျိုးသမီးမှာတော့ လက်ကိုထိခိုက်မိတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ဓားပြတိုက်လုယက်ခဲ့သူတွေကို ဖမ်းဆီးရမိကြောင်း တစုံတရာထုတ်ပြန်တာမရှိသေးဘူးလို့သိရပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညကလည်း အင်းစိန် ဂုံးကျော်တံတားအဆင်း လမ်းသစ်လမ်းပေါ် မှာ ငွေလဲဖို့စောင့်နေတဲ့ လင်မယား၂ဦး သေနတ်နဲ့ ပစ်ခံရလို့ အမျိုးသားသေဆုံးခဲ့ပြီး အမျိုးသမီးဒဏ်ရာခဲ့တဲ့အပြင် ငွေကျပ်သိန်း ၁၀၀၀ ကျော်လည်း လုယက်ခံခဲ့ရပါတယ်။