ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၂ နာရီ ၃၀ မိနစ်)မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ရှော်ကေးအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု

မန်ချက်စတာစီးတီးနဲ့ ရှော်ကေးအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ပထမအကျော့တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး သမိုင်းတလျှောက် တွေ့ဆုံမှုမှာတော့ စုစုပေါင်း ၄ ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ၄ ကြိမ်မှာ မန်စီးတီးအသင်းက ၁ ကြိမ်သာရှုံးနိမ့်ထားပြီး ၃ ကြိမ်အထိ အနိုင်ရရှိထားပါတယ်။
ပွဲကြိုအချက်အလက်များ

-မန်ချက်စတာစီးတီးအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ ဂျာမန်အသင်းတွေကို အိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။
-ရှော်ကေးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ၉ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားပါတယ်(၁ ပွဲသရေ ၇ ပွဲရှုံး)။
-မန်ချက်စတာစီးတီးအသင်းဟာ အီတီဟတ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး ၂ ပွဲစလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၈ မတ်လအတွင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။
-မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ နည်းပြဘဝမှာ ရှော်ကေးအသင်းကို တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်းမရှိဘဲ ရှော်ကေးအသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ရရှိထားပါတယ်။
နှစ်ဖက်အသင်းသတင်းများ
မန်ချက်စတာစီးတီးအသင်းဟာ အိုတာမန်ဒီနဲ့ ဖာနန်ဒင်ဟိုတို့ နှစ်ဦးမပါဝင်ဘဲ ရှော်ကေးအသင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၎င်းတို့ ၂ ဦးစလုံးဟာ ပထမအကျော့ပွဲစဉ်မှာ အဝါကတ်ပြားကိုယ်စီ ပြသခံထားရသူဖြစ်ပြီး ဖာနန်ဒင်ဟိုက ပေါင်ခြံဒဏ်ရာရရှိထားတာဖြစ်ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ လာပို့တ် ယနေ့ညပွဲစဉ်မှာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ထပ်နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဂျွန်စတုန်းကလည်း ပွဲမတိုင်မီ ဒဏ်ရာအခြေအနေ အကဲဖြတ်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပေမယ့် ဒီဘရိုင်းနဲ့ ဂိုးသမား ဘရာဗိုတို့ကတော့ လွဲချော်မယ်လို့ သိရပါတယ်။
ရှော်ကေးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား အလက်ဆန်ဒရိုရှော့ဖ်ကတော့ ဒဏ်ရာကြောင့် အီတီဟတ်ကို လာရောက်တဲ့ အသင်းလူစာရင်းနဲ့ လိုက်ပါလာနိုင်ခြင်းမရှိခဲ့ပါဘူး။
ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း