ပုံမှန်ဈေး ဒေါ်လာ ၆၀၀ ရှိတဲ့ Starlink ဂြိုလ်တုအင်တာနက်ဖမ်းစက်ကို အီတလီမှာ Discount အကြီးအကျယ် ချပေးနေတယ်လို့ ဆိုပါတယ်။
SpaceX ရဲ့ Starlink ဂြိုလ်တုအင်တာနက်စနစ်ဟာ ဈေးကြီးတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး စက်ပစ္စည်းချည်းသက်သက် ဒေါ်လာ ၆၀၀ ( မြန်မာငွေ ၁၃ သိန်းကျော်) ကျသင့်ပါတယ်။ ဒါပေမယ့်လည်း အီတလီဈေးကွက်မှာတော့ Starlink ဂြိုလ်တုဖမ်းစက်တွေကို ဒေါ်လာ ၄၀၀ လျှော့ဈေးပေးပြီး ဒေါ်လာ ၂၀၀ တည်းနဲ့ ဝယ်ယူနိုင်မယ်လို့ PCMag သတင်းက ဖော်ပြပါတယ်။ Subscribers သစ်တွေကို ဆွဲဆောင်ဖို့ အခုလို ဈေးချလိုက်တာ ဖြစ်နိုင်ပါတယ်။

အီတလီ Starlink.com ဝက်ဘ်ဆိုက်မှာဆို Startlink ဂြိုလ်တုအင်တာနက်ဖမ်းစက် အတွက် ယူရို ၂၀၀ (ကန်ဒေါ်လာ ၂၀၂ ဒေါ်လာ) ခန့်နဲ့ ဝယ်ယူနိုင်မယ်လို့ ဖော်ပြထားပါတယ်။ တခြား ဥရောပနိုင်ငံတွေမှာဆို Starlink ဂြိုလ်တုဖမ်းစက်ကို ၆၃၄ ယူရိုနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ အီတလီက အသုံးပြုသူတွေဟာ Starlink ဂြိုလ်တုဖမ်းစက်တွေ ဈေးကျသွားတာကို ဇူလိုင် ၂၆ ရက်နေ့က စတင် သတိပြုမိခဲ့ကြတာလို့ Twitter နဲ့ Reddit တွေပေါ်က ပို့စ်တွေမှာ ဖော်ပြထားပါတယ်။
Starlink စက်တွေ လျှော့ဈေးပေးနေတာ အီတလီတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက ဂျာမနီမှာလည်း SpaceX ဟာ Starlink ဂြိုလ်တုဖမ်းစက်တွေကို ယူရို ၄၀၀ (ကန်ဒေါ်လာ ၄၀၆ ဒေါ်လာ) ဈေးနဲ့ ဈေးချပေးခဲ့တာ ရှိပါတယ်။ ငွေကြေးဖောင်းပွမှုတွေကြောင့် SpaceX ဟာ အမေရိကန်အသုံးပြုသူတွေအတွက် Starlink စက်ဖိုးကို ၄၉၉ ဒေါ်လာကနေ ၅၉၉ ဒေါ်လာကို တိုးခဲ့တာကြောင့် ဥရောပမှာ ဈေးချပေးတာဟာ အံ့ဩစရာကောင်းနေပါတယ်။
SpaceX ဟာ စက်ဖိုးတင် ဈေးချပေးနေတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး ပြင်သစ်က Starlink အသုံးပြုသူတွေရဲ့ လစဉ် စာရင်းသွင်းအသုံးပြုခကို ၉၉ ယူရိုကနေ ယူရို ၅၀ ကို လျှော့ချပေးထားပါတယ်။ အားနည်းချက်အနေနဲ့တော့ Starlink အသုံးပြုသူတွေ များလွန်းလို့ အင်တာနက်လိုင်းကျပ်ခဲ့ပြီး မြန်နှုန်းမြင့်ဒေတာ လျှော့ချကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။
"တစ်လကို 250GB ဒါမှမဟုတ် ဒီထက်နည်းတဲ့ ဒေတာတွေ အသုံးပြုသူတွေကိုပဲ ဦးစားပေးသွားမှာပါ။ တစ်လကို 250GB ကျော်တဲ့ အသုံးပြုသူတွေအနေနနဲ့ Unlimited Data တော့ ရပါမယ်။ ဒါပေမယ့်လည်း ကွန်ရက်လိုင်းကျပ်ချိန်တွေမှာ မြန်နှုန်းလျော့ကျတာတွေ ကြုံရပါလိမ့်မယ်' လို့ ပြီးခဲ့တဲ့တစ်ပတ်က ပြင်သစ်က Starlink Subscribers တွေကို SpaceX က အသိပေးထားပါတယ်။
တစ်လ 250GB ထက် ကျော်လွန်ပြီး မြန်နှုန်းမြင့် High-Speed Data နဲ့ အသုံးပြုချင်သူတွေဟာ တစ်လကို 100GB အပိုရဖို့ ၁၀ ယူရို ပေးသွားမယ်လို့လည်း ပြောထားပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှုဟာ လာမယ့်နှစ်ကစပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ထားပါတယ်။
SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တုအင်တာနက်ဟာ ပြီးခဲ့တဲ့မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရထားပြီး ဈေးကွက်ထဲ ဖြန့်ကြက်ဖို့ ပြင်ဆင်နေပါတယ်။ ၂၀၂၃ ခုနှစ်ဝန်းကျင်လောက်မှာ Starlink ဝန်ဆောင်မှုကို အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် နဲ့ မြန်မာတို့မှာ တိုးချဲ့ ဖြန့်ကြက်ဖို့ရှိတယ်လို့လည်း Nikkei Asia သတင်းက ဖော်ပြထားပါတယ်။