ဂျာမနီလက်ရွေးစင်ဂိုးသမား နူအာဟာ မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ သမိုင်းတလျှောက် အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုတွေထဲကတခုကို လုပ်ပြခဲ့ပြန်တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဒီပွဲမှာ ဂျာမနီက အီတလီကို ၅-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
ဂျာမနီအတွက် ဂိုးတွေကို ကင်မစ်ချ်၊ ဂွန်ဒိုဂန်၊ မူလာ နဲ့ ဗာနာတို့က သွင်းယူပေးခဲ့ပြီး ဗာနာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂျာမနီတို့ သုံးဂိုးပြတ်နဲ့အနိုင်ရရှိနေတဲ့ ဒုတိယပိုင်းမှာတော့ နူအာက မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရတဲ့ အနေအထားကနေ အသင်းဂိုးမပေးရအောင် အကောင်းဆုံး ကာကွယ်ပေးခဲ့တာပါ။
ဒီဖြစ်ရပ်မှာ ဘာရီလာက ဘောလုံးနဲ့လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားခဲ့တာဖြစ်ပြီး နူအာကတော့ ဘောလုံးလမ်းကြောင်းပြောင်းလဲမှုကြောင့် ဟန်ချက်ပျက်လဲကျမလိုဖြစ်နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဘာရီလာရဲ့ကန်ချက်က သေချာပေါက် ဂိုးရတော့မယ်လို့ ယူဆနေကြချိန်မှာ နူအာက လျင်လျင်မြန်မြန်နဲ့ကို ပြန်ထပြီး ကာကွယ်သွားခဲ့တာပါ။
ဘာရီလာ ဘောလုံးရနေချိန်မှာ လူကျွံနေခဲ့တာကြောင့် တကယ်တမ်း ဒီဂိုးဝင်သွားခဲ့ရင်လည်း ခွင့်ပြုပေးဖို့မရှိပါဘူး။ ဒါပေမယ့် အသက် (၃၆) နှစ်သားကြီး နူအာရဲ့ ကာကွယ်မှုကိုတော့ ပရိသတ်တွေ လက်ဖျားခါနေရပြီး အထူးတလည်း ချီးကျူးနေရတာပါ။ ပရိသတ်တွေက “ဒီကာကွယ်မှုအတွက် ပြောစရာစကားတောင် မရှိတော့ပါဘူး။ နူအာက (၃၆) နှစ်ရှိပြီဆိုပေမယ့် နှေးသွားတာ၊ ရပ်တန့်သွားတာမျိုးတွေ မရှိပါဘူး” လို့ အမျိုးမျိုး ချီးကျူးပြောဆိုနေကြပါတယ်။