ဒီပွဲအတွက် ပေါ်တူဂီတို့ နောက်တန်းကလွဲပြီး တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက လူစုံခဲ့ပါတယ်။ ရော်နယ်ဒို၊ ဂျိုတာ၊ အိုတာဗွီယို၊ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ မော်တင်ဟိုတို့ ပါဝင်ခဲ့ပါတယ်။ ခံစစ်တန်းမှာတော့ ဒါလော့၊ ဖွန်တေ၊ ဒန်နီလိုပါရဲရား၊ ရာဖေးလ်ဂွါရဲရိုးတို့ ပွဲထွက်ခဲ့ပါတယ်။

တူရကီကတော့ ယီလ်မက်ဇ်၊ အွန်ဒါ၊ ဆိုယန်ကူ၊ ချာဟာနိုဂလူး၊ ဒီမီရယ်လ်၊ ကာဘက်ခ်တို့ကို အဓိကအမာခံထားပြီး ပွဲထွက်လာခဲ့ပါတယ်။ တူရကီရဲ့ ခံစစ်တန်းက အားနည်းတယ်ပြောရမှာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်ကို အခွင့်အရေးတွေ လွယ်လွယ်ပေးခဲ့ပါတယ်။

ပွဲစတာနဲ့ ပေါ်တူဂီရဲ့ တိုက်စစ်ဆင်မှုတွေကို တူရကီတို့ အလူးအလဲခုခံခဲ့ရပြီး (၁၄) မိနစ်မှာတင် ပေါ်တူဂီတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဂွါရဲရိုးရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို အိုတာဗွီယိုက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီနောက်တန်းကလည်း ဒန်နီလို အမှားအယွင်းတွေရှိခဲ့ပြီး ဗဟိုနောက်ခံလူနှစ်ယောက်နဲ့ အစွန်နောက်ခံလူတွေအကြား နားလည်မှုအားနည်းခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ပေါ်တူဂီတို့ ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။
ဒီဂိုးကိုတော့ အိုတီဗွီယို ‘မ’ ပေးတာကို ဂျိုတာက ခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ပေါ်တူဂီတို့ ဒုတိယပိုင်းကို ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တူရကီက တိုက်စစ်မြှင့်လာခဲ့ပြီး ချေပဂိုးတဂိုးပေးခဲ့ရပါတယ်။
ဒီဂိုးကိုတော့ ယီလ်မက်ဇ်၊ အွန်ဒါတို့ရဲ့ တွဲလုံးကတဆင့် ယီလ်မက်ဇ်က ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာ ကန်သွင်းယူခဲ့တာပါ။ ချေပဂိုးပေးလိုက်ရတဲ့နောက် ပေါ်တူဂီတို့ ဖိဖိစီးစီးနဲ့ ပြန်ကစားခဲ့ပါတယ်။