နော်ဝေကြယ်ပွင့်ကစားသမားဟာ ရီးရဲလ်ဆိုဆီဒက်အသင်းမှာ ခြေစွမ်းပြကစားနေတာဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးတို့ကလည်း သူ့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ နော်ဝေကြယ်ပွင့်ကစားသမားဟာ ရီးရဲလ်ဆိုဆီဒက်အသင်းမှာ ခြေစွမ်းပြကစားနေတာဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးတို့ကလည်း သူ့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
အိုဒီဂတ်ဟာ နော်ဝေလက်ရွေးစင်အသင်းကြီးအတွက် ကစားပေးဖို့ အသက် ၁၅ နှစ်အရွယ်မှာပဲ ခေါ်ယူခံခဲ့ရသူဖြစ်ပါတယ်။ အိုဒီဂတ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ဘာနေဗျူးကို ရောက်ရှိလာခဲ့ပေမယ့်လည်း ပုံမှန်ကစားခွင့်ရရှိဖို့အတွက် မလွယ်ကူတာကြောင့် ဟော်လန်ကလပ် ဗီတက်ဆီ နဲ့ ဟီရန်ဗင်းအသင်းတို့မှာ အငှားနဲ့သွားရောက်ကစားနေခဲ့ရပါတယ်။
ဒီရာသီမှာလည်း ဆိုဆီဒက်မှာ အငှားနဲ့ကစားနေပြီး လာလီဂါ ၇ပွဲကစားအပြီးမှာ သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ဆိုဆီဒက်အသင်းရဲ့ အဓိကကွင်းလယ်လူအဖြစ် အိုဒီဂတ်က ပါဝင်ကစားပေးနေတာဖြစ်ပြီး ခြေစွမ်းပိုင်းတိုးတက်မှုတွေ ရှိလာတာကြောင့် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။
အိုဒီဂတ်ရဲ့ တန်ဖိုးကို ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၆၂သန်းအထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အိုဒီဂတ်ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ မြင့်မားတဲ့ ငွေကြေးပမာဏကို သုံးစွဲသွားရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးမြင့်မားနေမှုက အဟန့်အတားတစ်ခုအဖြစ်တော့ ရှိနေပါတယ်။ ရီးရဲလ်ကတော့ သူတို့လိုချင်တဲ့ တန်ဖိုးကိုသာ ရရှိမယ်ဆိုပါက ပြန်လည်ရောင်းချသွားဖွယ်လည်း ရှိနေပါတယ်။