ဒါဟာ အပြစ်မကြီးဘူးလို့ ခံစားရတယ်။

မေခလာကတော့ သူမရဲ့ Music Video ထဲမှာ ဆင်ဆာထိခံလိုက်ရတဲ့ အရာဟာ တကယ်ဆိုရင် အပြစ်မကြီးဘူးလို့ ဆိုပါတယ်။ ဆင်ဆာဟာ ချုပ်ခြယ်တယ်လို့လည်း ထင်မိတယ်ဆိုပြီးတော့လည်း ပြောပြခဲ့ပါသေးတယ်။

Photo: May Khalar

အဆိုတော် မေခလာကတော့ သူမရဲ့ သီချင်းအခွေ အသစ်ဖြစ်တဲ့ ‘’Queen မေခလာ’’ DVD အခွေအတွက် ကြိုးစားပြင်ဆင်ခဲ့ရာမှာ ဆင်ဆာထိခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ဆင်ဆာထိခံလိုက်ရတဲ့ အကြောင်းအရင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ချစ်ငယ်လည်း ပြန်စဉ်းစားပါတယ်။ ဘာကို ဆင်ဆာထိတာလည်းပေါ့နော်။ တကယ်တော့ ထိုင်မသိမ်းလေးကို ခြေထောက်နဲ့သိမ်းလိုက်တာ။ ပြီးတော့ ပုဝါလေးနဲ့ ပုဏ္ဏား ကိုရိုက်လိုက်တာ အဲဒါကြောင့်ပဲလား မသိပါဘူး။ ချစ်ငယ်ထင်တာတော့ အဲဒါ အပြစ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါ သီချင်းဆိုတာလေ။ ရုပ်ရှင်ဇာတ်ကား သမိုင်းအကြောင်းရိုက်တာ မဟုတ်ဘူးလေ။ အခုလိုကျတော့ နည်းနည်းလေး ချုပ်ခြယ်သလားလို့ ချစ်ငယ် ထင်မိတယ်’’ လို့ ဆိုပါတယ်။

Photo: May Khalar

သီချင်းတွေနဲ့ ပတ်သက်ပြီး ခေတ်ရေစီးကြောင်းအရ တိုးတက်မှုကို လိုလားတယ်လို့ မေခလာက ပြောပါတယ်။

‘’ ဒီအချိန်မှာလေ ဖွင့်ရတော့မယ့် အချိန်၊ တိုးတက်ရမယ့် အချိန်ပေါ့နော်။ ချစ်ငယ်ဆို ဇာတ်တွေကြည့်တယ်။ ကိုမိုးဝင်းတို့ ပြီးတော့ သားလေးတွေဆိုရင်လည်း အားပေးတယ်။ သူတို့လည်း မြန်မာ့ယဉ်ကျေးမှု အကကိုလည်းက သလို ဘရိတ်ဒန့်လေးတွေနဲ့ တွဲပြီးတော့ ကလာကြတယ်လေ ကလေးလေးတွေ။ တကယ့်ကို မိရိုးဖလာကိုလည်း မဖျက်ဘူး။ ပရိသတ်နဲ့တွေ့တဲ့အချိန်မှာလေး ဒန့်လေးတွေနဲ့ ခြေထောက်လေးတွေ ကစားသွားတာ တွေ့ရတယ်။ ချစ်ငယ်လည်း အဲဒီလို လုပ်တဲ့ သဘောပါပဲ။ ချစ်ငယ် အမြင်နဲ့ဆိုရင် ဒါဟာ ဘာမှ အပြစ်မကြီးဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့က ‘’Queen မေခလာ’’ DVD အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Khalar

ယနေ့ခေတ်လူငယ်တွေမှာလည်း သီချင်းဟောင်းတွေကို ခေတ်ပေါ်ဂီတနဲ့ ပေါင်းစပ်ပြီး သီချင်းအသစ်တွေ ဖန်တီးလာတဲ့ အပေါ်မှာလည်း မေခလာ ကိုယ်တိုင်က သဘောကျ နှစ်သက်တယ်လို့ ဆိုပါတယ်။

‘’ အခု သီချင်းတွေကို Remix လုပ်ကြတယ်။ အသစ်အဆန်းလေးတွေ လုပ်လာကြတာကို ချစ်ငယ် သဘောကျတယ်။ အရင်ခေတ်ဟောင်း သီချင်းကိုလည်း မဖျက်ပဲ ပြန်ပြီးတော့ Remix လုပ်တာကို သဘောကျတယ်။ ချစ်ငယ်ကတော့ အနုပညာကို အသွေးအသားထဲမှာ ရူးလို့လား မသိဘူး။ တကယ့် ဆရာကြီးတွေ၊ အဆိုတော်ကြီးတွေ၊ အကပညာရှင်ကြီးတွေကို ချစ်ငယ် နှလုံးသားထဲက ဒီနေ့ အထိ တကယ်ကို ရိုသေလျှက်ပါ’’ လို့ သူကဆိုပါတယ်။

Photo: May Khalar

မေခလာဟာ ၁၉၈၂ ခုနှစ်က သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ပြန်ပေတော့’’ သီချင်းခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ‘’မပြောချင်လို့ ကြည့်နေတာ ကြာပြီ’’ သီချင်းခွေ၊ ‘’ပြန်ဆိုချင်သော သီချင်းများ(၁) နဲ့ ပြန်ဆိုချင်သော သီချင်းများ(၂) ဆိုပြီးတော့လည်း သီချင်း အခွေတွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ်တုန်းက ဂီတသက်တမ်း ၂၅ ပြည့်အနေနဲ့ ‘’မေခလာည’’ ဆိုတဲ့ အတွဲအခွေလေးလည်း ထွက်ရှိခဲ့ပါသေးတယ်။



Share

Loading Next Article...
က္က