မို့မို့မြင့်အောင်က အခုဆိုရင် အသက် ၅၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ ခန့်ရှိပါပြီ။
Photo: Academy Moht Moht Myint Aung
အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဟာ ဒီနေ့(မေလ ၂၅)ရက်နေ့မှာပဲ အသက် ၅၈ နှစ်ပြည့်မွေးနေ့ပွဲကို ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေ့လယ်စာ အာဟာရဒါန အလှူနဲ့ မွေးနေ့ကိတ်လည်း ခွဲခဲ့ပါသေးတယ်။ ဒီအလှူကတော့ ပရိသတ်တွေက သူမအတွက်လုပ်ပေးတဲ့ Surprise တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒီမွေးနေ့ အလှူလေးကိုတော့ မေလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီက အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ခဲ့တာဖြစ်ပါတယ်။
မွေးနေ့ရှင် မို့မို့မြင့်အောင်အတွက် မျက်မမြင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူများနဲ့အတူ သူမကို ချစ်ကြတဲ့ We Love လေးတွေကလည်း Happy Birthday သီချင်းလေးတွေကို သံပြိုင် သီဆိုခဲ့ကြပါတယ်။ မို့မို့မြင့်အောင်ကိုယ်တိုင်ကလည်း ကျေနပ်အားရ ဝမ်းသာပီတိဖြစ်ခဲ့ပါသေးတယ်။
Photo: Academy Moht Moht Myint Aung
မိ့ုမို့မြင့်အောင်နဲ့ သူမကိုချစ်ကြတဲ့ အမာခံပရိသတ်လေးတွေဟာ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်၊ ပျော်ပျော်ပါးပါး တွေ့ဆုံဖြစ်ကြတာတွေရှိပါတယ်။ ဒီပရိသတ်လေးတွေကြောင့်လည်း သူမဟာ အမြဲတမ်း ပြုံးပျော်ရွှင်နေရသူတစ်ယောက်ပါ။ ဖေဖော်ဝါရီလ အတွင်းမှာကျရောက်ခဲ့တဲ့ မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူ တို့ရဲ့ အိမ်ထောင်သက် ၃၂ နှစ်ပြည့် အမှတ်တရ နေ့တုန်းကလည်း We Love လေးတွေ လုပ်ပေးတဲ့ Surprise ကြောင့် ပျော်ရွှင်ဝမ်းသာခဲ့တာကို တွေ့ရပါတယ်။
Photo: Academy Moht Moht Myint Aung
မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။