EU မြန်ကူက အလုပ်သမားတွေကို ထောက်ပံ့မယ့် ငွေကြေးအကူအညီကိုမေလပထမအပတ်အတွင်း ပေးအပ်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။
ဒီထောက်ပံ့ငွေကို မြန်မာနိုင်ငံထဲက အထည်ချုပ်စက်ရုံ ၊ဖိနပ်စက်ရုံတွေက အလုပ်ထုတ်ခံထားရသူတွေ ၊ အလုပ်ထွက်ထားတဲ့ အလုပ်လက်မဲ့ အလုပ်သမားတွေကို အဓိကထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
" ပြုတ်သွားတဲ့အထည်ချုပ်နဲ့ ဖိနပ်ချုပ်ကအလုပ်သမားတွေကို ထောက်ပံ့မှုပေးမှာဖြစ်တယ်။လာမယ့်အပတ်ထဲမှာစပြီးပေးမယ်သိရတယ်။ EU ကနေအလုပ်သမားတွေဆီ တိုက်ရိုက်ထောက်ပံ့မှာဖြစ်တယ်။ wave money ကနေ လွှဲပေးမှာပေါ့။ တကယ်အလုပ်ပြုတ်သူ လူမှုဖူလုံရေး စသဖြင့်လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ရတယ်။ဖောင်ဖြည့်ရုံပဲ။"လို့ ကိုသက်နှင်းအောင်ကဆိုပါတယ်။
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ကတော့ လက်ရှိမှာ ရန်ကုန်တိုင်းထဲက စာရင်းကောက်ထားတဲ့ အလုပ်သမား ၅၀၀၀ လောက်ရရှိနေပြီလို့သိရပါတယ်။ ထို့အတူ တခြား အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေကလည်း အလုပ်သမားစာရင်းကို ကောက်ခံနေတာတွေရှိပါတယ်။
" ထောက်ပံ့မယ်ဆိုလို့ ဝမ်းသာပါတယ်။ အလုပ်ကနားထားတော့ အခက်အခဲဖြစ်နေတယ်။လစာကလည်းမရ ဝင်ငွေကလည်းမရှိဆိုတော့ ခုချိန်ကတကယ် အထောက်အပံ့ဖြစ်ပါတယ်။wave money ကလွှဲမယ်ဆိုလို့ ပိုအဆင်ပြေတယ်။ ရမရတော့ မသိသေးဘူးပေါ့။တကယ်လိုအပ်သူတွေရစေချင်တယ်"လို့ သာဓုကန် စက်မှုဇုန်ထဲမှ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မ သက်မာဆွေကပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ COVID – 19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ နိုင်ငံတကာဝယ်လက်တွေထံကနေအဝယ်အမှာစာတွေ ပယ်ဖျက်ခြင်း၊ ကြန့်ကြာခြင်း လျော့နည်းခြင်းတွေကြောင့် လာမယ့်လ အနည်းငယ်အထိခက်ခဲနေမှာ ဖြစ်တဲ့အတွက် အီးယူရဲ့ မြန်ကူကနေအရေးပေါ်ငွေသား ရန်ပုံငွေ ထောက်ပံ့ပေးအပ်တာဖြစ်ပါတယ်။
အီးယူ(မြန်ကူ)က ဖေဖော်ဝါရီ နဲ့မတ်လမှာလည်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၃၀၀၀၀ ကနေ ၈၀၀၀၀ အထိကို တစ်လ ပျမ်းမျှ ၇၅၀၀၀ ကျပ်၊ တရားဝင် နည်းလမ်းမကျ ဘဲ အလုပ်ကနေထုတ်ပယ်ခံလိုက်ရတဲ့ အထောက်အထားရှိတဲ့ အလုပ်သမား၃၀၀၀ ကနေ ၈၀၀၀ ခန့်အထိကို ၁၂၅၀၀၀ ကျပ်နူန်းနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်။
(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။)