မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာတော့ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ဘာစီလိုနာက ၂-၃ ဂိုးနဲ့ အနိုင်ကန်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ ဦးဆောင်ဂိုးအရင်ရရှိခဲ့တာပါ။
ဒီဂိုးကို ရာဖင်ညာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာတို့ အထနှေးတာကို ပီအက်စ်ဂျီတို့ အခွင့်ကောင်းယူပြီး အူစမန်နီဒမ်ဘီလီက အသင်းဟောင်းဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဗီတင်ဟာကပါ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒါပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီက မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့အတူ သူ ကွင်းထဲထည့်လိုက်တဲ့ ကစားသမားတွေက ဘာစီလိုနာအတွက် အကောင်းဆုံးပုံစံနဲ့ နိုင်ပွဲကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၆၁) မိနစ်မှာ လူစားဝင်လာတဲ့ ပီဒရီက ရာဖင်ညာရဲ့ ချေပဂိုးကို လှပတဲ့ ပေးပို့မှုနဲ့အတူ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ပီဒရီဟာ သူ့ရဲ့ ပထမဆုံး ဘောလုံးထိချက်မှာတင် အခုလိုမျိုး အသင်းအတွက် ချေပဂိုးကို အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၇၆) မိနစ်မှာ နောက်ခံလူ ခရစ္စတန်ဆန်က လူစားဝင်ကစားခဲ့ပါတယ်။
ဒီဗဟိုနောက်ခံလူကလည်း လူစားဝင်လာပြီးပြီးချင်းမှာတင် အသင်းအတွက် အနိုင်ဂိုးကို ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ ဘာစီလိုနာတို့ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ အသာစီးကနေ ကစားနိုင်မယ့် အခွင့်အရေးကို ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။