အခြေခံပညာကျောင်းတွေ လာမယ့်ဖေဖော်ဝါရီလမှာ အတန်းတင်စာမေးပွဲစစ်ဆေးမှာဖြစ်တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ဒါကြောင့် ဆရာဆရာမတွေက ပုံမှန်ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေနေ့မှာပါ ကျောင်းဖွင့်ပြီး စာသင်ကြားမှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။
" ညကဖုန်းဆက်တာ မနက်ကျောင်းတက်ရမယ်ပေါ့။ ဖေဖော်ဝါရီမှာစာမေးပွဲစစ်မယ်လို့ အိမ်ကသားက ပြောတယ်။ အခုမှ သူတိူ့သင်တာက အရင်ရပ်သွားတဲ့နေရာကနေ ပြန်စသင်တာ၊ သင်ရိုးအစပဲရှိသေးတာ ဘယ်လိုဖြေမလဲတော့မသိဘူး။ မေးကြည့်တာတော့ ကလေးက ဖြေနိုင်မှာပေါ့လို့ ပြောတာပဲ။ ခုတော့ ကျောင်းကနေ ပြန်ရောက်လာပြီ ၊ ကျောင်းထားဆိုလို့သာ ထားရတာ တကယ်ရောတတ်ပါ့မလားမသိပါဘူး "လို့ ၆ တန်းကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေနေ့မှာ ကျောင်းဖွင့်ပြီး သင်ကြားနေတာက အလယ်တန်းအဆင့်ကျောင်း၊အထက်တန်းအဆင့်ကျောင်း တချို့ဖြစ်ပြီး မူလတန်းကနေ ၄ တန်းအထိသင်ကြားတဲ့ မူလွန်ကျောင်းတွေကတော့ ပိတ်ထားတယ်လို့ မိဘတွေဆီက သိရပါတယ်။
ဓာတ်ပုံ- ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (နိုဝင်ဘာ ၁ရက်နေ့ ပုသိမ်မြို့ ကျောင်းတက်မြင်ကွင်း)
" ကျောင်းဖွင့်တယ်၊ သွားကြတယ်။ တကျောင်းလုံးအပြည့်တက်တာမျိုးတော့မဟုတ်ဘူး။ စာမေးပွဲက စစ်မှာဆိုတော့ စနေပါတက်ရတာပြောတယ်။မနက်ဖြန် တနင်္ဂနွေလည်း ဖွင့်မလားတော့မသိသေးဘူး " လို့ နွားထိုးကြီးမြို့နယ် ကျောင်းသားမိဘတဦးကပြောပါတယ်။
အခြေခံပညာစာသင်ကျောင်းတွေကို ခုကစပြီး ၃ လခွဲအကြာ စာသင်ကြားမှုအပြီး လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်မှာ စာမေးပွဲစစ်ဆေးမှာ ဖြစ်တယ်လို့ ပညာရေးဝန် ကြီးဌာ န အခြေခံညာဦးစီးဌာနတာဝန်ရှိသူက နိုင်ငံပိုင်သတင်းဌာနကနေ ပြောဆိုထားပါတယ်။
"စာသင်တဲ့ အချိန်က တိုတော့ ကလေးတွေ မလိုက်နိုင်မှာစိုးလို့ စနေနေ့ကိုပါ ခေါ်သင်တာပါ။ မူလတန်းတွေကတော့ မပါဘူး။ ၅ တန်း ၊ ၆ တန်းကစသင်တာပေါ့ " လို့ အထက်တန်းပြဆရာတဦးကပြောပါတယ်။
စာသင်ချိန် ၃ လခွဲတာကာလနဲ့ ကိုက်ညီ တဲ့ သင်ရိုးညွှန်းတမ်းတွေ လည်း ရေးဆွဲထားပြီး အားလုံးကို တိုင်းနဲ့ပြည်နယ် တွေဆီပို့ ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်သင်ရိုးညွှန်းတမ်းကို သုံး လခွဲအတွင်း ပြီးပြတ်အောင်သင်နိုင်ဖို့ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ဒီဇင်ဘာရုံးပိတ်ရက်တွေမှာပါ စာသင်ကြားရတာတွေလည်းရှိလာနိုင်တယ်လို့ ဆရာမက ဆိုပါတယ်။
အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ကာ ဒုတိအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းထားတဲ့မိဘရှိသလို ၊ ကလေးလုံခြုံရေးစိတ်မချလို့ ကျောင်းမထားတဲ့မိဘတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင် ကျောင်းတက်ရောက်သူတယောက်မှမရှိတဲ့ကျောင်းတွေလည်းရှိတယ်လို့သိရပါတယ်။
Share