၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေစင်ရုပ်တုကိုင်ဆောင်သွားမယ့် ရွှေကြိုမောင်မယ်တွေကို ရွေးချယ်တော့မယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun Media ပြောပါတယ်။ ဒီတစ်ခါတော့ ရုပ်ရှင်လောကသားတွေထဲက သားသမီးတွေမဟုတ်ပဲ အပြင်လူကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။
Photo: Nyi Nyi Tun Lwin
၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်တွေခေါ်တော့မယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က Duwun Media ကို ပြောပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲက ရွှေကြိုမောင်မယ်များ
ရွှေကြိုမောင်မယ်တွေကိုတော့ ပုံမှန်အားဖြင့် ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလ တွေမှာ ခေါ်ယူလေ့ရှိပါတယ်။ အခုဆိုရင်တော့ နိုဝင်ဘာလ အတွင်းမှာ စပြီး ခေါ်ယူဖြစ်တဲ့အကြောင်းကိုလည်း ဦးညီညီထွန်းလွင်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။
“ အခုချိန်မှာ စောစော ခေါ်လိုက်တာကလည်း အားလုံး အချိန်ရအောင်လို့ပါ။ လူတွေက အလုပ်တွေမအားကြတော့လေ။ ဥပမာ ကိုရန်လေးတို့၊ မေသန်းနု တို့လုပ်ရမယ်ဆိုရင် သူတို့က အခု ဆင်ဆာအကဲဖြတ်ထဲမှာလည်းပါနေတယ်။ ဒါကြောင့် အချိန်လေး နည်းနည်းရအောင်လို့ဆိုပြီးတော့ ကြို ခေါ်လိုက်တာပါ။ ဖောင်တွေကလည်း နိုဝင်ဘာ ၂၀ မှာ စလုပ်မယ်။ စည်းကမ်းချက်တွေကတော့ လူပျို၊ အပျိုဖြစ်ရမယ်၊ အသက်ဆိုလည်း ဘယ်လောက်အထိ ဆိုတာ ကန့်သတ်မယ်ပေါ့” လို့ ပြောပါတယ်။
Photo:2018 ခုနှစ်အတွက် ရွှေကြိုများ လေ့ကျင့်နေမှု ပုံရိပ်များ
ရွှေကြိုမောင်မယ်လျှောက်ချင်သူတွေအတွက် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတော့ လျှောက်လွှာမှာ ပါဝင်ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ရွှေကြိုအကဲဖြတ်အဖွဲ့ဝင်တွေကိုတော့ သေသေချာချာ မသတ်မှတ်ရသေးဘူးလို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။
“ ရွှေကြိုမောင်မယ် ရွေးချယ်တာကလည်း အတွဲ ၅ တွဲ ရွေးချယ်မယ်။ ယောကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်ပေါ့။ အဓိက ကတော့ မင်းသား၊ မင်းသမီးဖြစ်နိုင်တဲ့ သူတွေပေါ့။ သူတို့အတွက်လည်း အကျိုးရှိတာပေါ့။ ဒီနှစ်မှာပါဝင်မယ့် အကဲဖြတ်ဒိုင်တွေကိုလည်း သေချာ မဆုံးဖြတ်ရသေးဘူး။ အားနိုင်မယ့် သူတွေကို သေချာ ချိန်းရဦးမယ်။ သူတို့လည်း ဒီလို ရွေးရမယ်ဆိုတော့ တာဝန်ကြီးပါတယ်” လို့ သူကဆိုပါတယ်။
Photo: Nyi Nyi Tun Lwin
ဦးညီညီထွန်းလွင်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဦးဇင်ဝိုင်း ကျန်ရှိခဲ့တဲ့ ဥက္ကဌသက်တမ်း (၁၁) လအတွက်သာ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ ရုပ်ရှင်လောကသားတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်ပြီး ဥက္ကဌသစ်ကို ထပ်မံရွေးချယ်သွားရမှာပါ။
Share