သြစတြေးလျကမ်းခြေမှာ ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍန်ရှိ အလွန်ကြီးမားတဲ့ ငါးကြီးတစ်ကောင် သောင်တင်နေတာတွေ့ခဲ့ရပြီးနောက် ငါးဖမ်းသမားတွေ အံ့အားသင့်ခဲ့ကြရပါတယ်။
(Photo: Linette Grzelak)
အဆိုပါ ဧရာမငါးကြီးဟာ ရှားပါးတဲ့ sunfish ငါးအမျိုးအစားဖြစ်ပြီး မတ်လ ၁၆ ရက် ညနေပိုင်းက တောင်ပိုင်းသြစတြေးလျပြည်နယ် (South Australia) Coorong အမျိုးသားဥယျာဉ် ဧရိယာအတွင်းရှိ သဲသောင်ပြင်မှာ ငါးဖမ်းသမားတွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်းအမျိုးသမီး Linette Grzelak က Channel NewsAsia သတင်းဌာနကို ပြောကြားခဲ့မှုအရ သူမရဲ့လက်တွဲဖော် Steven Jones အမည်ရှိ အမျိုးသားနဲ့ ၎င်းရဲ့ ပင်လယ်ငါးဖမ်းအဖွဲ့က ထိုငါးကြီးကို စတင်တွ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: Linette Grzelak)
"Steven က ပထမတော့ အဲဒီငါးကြီးကို သစ်တုံးကြီးတစ်လို့ ထင်ခဲ့တာ၊ ဒါဘာကြီးလဲလို့ ကျွန်မ သူ့ကို မေးခဲ့တယ်၊ သူက sunfish လို့ ပြောတဲ့အချိန်မှာ ဒါက အတုလုပ်ထားပဲလို့ ကျွန်မ ထင်ခဲ့သေးတယ်၊ ဒါပေမဲ့ တစ်ကယ့် ငါးကြီးဖြစ်နေတယ်လေ၊ ဒီလောက်ကြီးတဲ့ sunfish ငါးကြီးကို အရင်က မကြားဖူးသလို မြင်လည်းမမြင်ခဲ့ဖူးပါဘူး" လို့ အသက် ၃၉ နှစ်အရွယ် Linette က ပြောပါတယ်။
အဆိုပါ ဧရာမ ငါးကြီးကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ခဲ့ကြပြီးနောက် ပင်လယ်ထဲကို ပြန်တွန်းလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ အဆိုအရ sunfish ငါးကြီးဟာ အရှည် ၆ ပေရှိကြောင်းလည်း သိရပါတယ်။ ကမ်းခြေမှာတွေ့ခဲ့ရတဲ့ sunfish ငါးကြီးရဲ့ ဓာတ်ပုံတွေကို National Parks South Australia ရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပြီး ထိုငါးကြီးတွေဟာ ကားတစ်စီးထက်ပင် အလေးချိန်ပိုနိုင်ကြောင်း ပြောထားပါတယ်။
(Photo: Linette Grzelak)
Ocean sunfish သို့မဟုတ် Mola mola တွေဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အရိုးများတဲ့ ငါးကြီးတွေဖြစ်ကြပြီး ကမ္ဘာတစ်ဝှမ်း အပူအအေးမျှတတဲ့ ပင်လယ်ရေပြင်မှာ တွေ့နိုင်တယ်လို့ Fishes of Australia ရဲ့ မှတ်တမ်းကပြောပါတယ်။ ကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ ယခုတွေ့ရှိရတဲ့ ငါးကြီးဟာ sunfish အမျိုးအစားမှာ သေးငယ်တဲ့အရွယ် ဖြစ်ပုံရတယ်လို့လည်း သိရပါတယ်။
sunfish ငါးကြီးတွေဟာ အရှည် ၁၃ ပေအထိနဲ့ အလေးချိန် ၂.၅ တန်အထိ ကြီးထွားနိုင်ကြောင်း ၎င်းကဆိုပါတယ်။ "အခု တွေ့ခဲ့ရတဲ့ sunfish က ပျမ်းမျှအရွယ်အစား ဖြစ်နိုင်ပါတယ်၊ အဲဒီလို ငါးကြီးတွေက အခုတွေ့ရတာထက် နှစ်ဆနီးပါးအထိ ကြီးမားနိုင်ပါတယ်" လို့ South Australian ပြတိုက်မှ Ralph Foster က ABC သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: Linette Grzelak)
sunfish ငါးကြီးတွေဟာ လူတွေကို အန္တရာယ်မပြုကြပေမဲ့ ကမ်းရိုးတန်းအနီးမှာ ကူးခတ်သွားလာနေပါက တစ်ခါတစ်ရံ ငါးမန်းတွေလို့ မှားယွင်းထင်မြင်လေ့ရှိကြကြောင်းလည်း သိရပါတယ်။ သြစတြေးလျမှာတော့ sunfish ငါးတွေဟာ အရွယ်အစားကြီးမားတာကြောင့် လှေ၊ သင်္ဘောတွေနဲ့ တိုက်မိခဲ့ပါက ပျက်စီးမှုဖြစ်နိုင်မှုကို သတိထားကြတယ်လို့ ဆိုပါတယ်။