မြန်မာနိုင်ငံမှာ PUBG Mobile ဟာ အတော်လေးရေပန်းစားတာကြောင့် နာမည်ကြီး PUBG (PC) Streamer တွေဖြစ်တဲ့ Shroud, Chocotaco တို့ဟာလည်း မြန်မာနိုင်ငံက PUBG Mobile ကစားသူတွေအကြားမှာ မစိမ်းလှတဲ့နာမည်တွေဖြစ်ပါတယ်။
သူတို့ထဲမှာ Shroud ကတော့ လက်ရှိနာမည်ကြီးအဆုံး Streamer တွေထဲကတစ်ယောက်ဖြစ်သလို ဆယ်လီဘရစ်တီနီးပါး နာမည်ရှိတာကြောင့် သူ့အကြောင်းဆို တော်ရုံဂိမ်းထဲကိုစိတ်ဝင်တစားရှိသူတွေတောင် သိပါလိမ့်မယ်။ နောက်တစ်ယောက်ဖြစ်တဲ့ Chocotaco အကြောင်းကိုတော့ သိတဲ့သူက နည်းပါလိမ့်မယ်။ အဲဒါကြောင့် Shroud နဲ့လက်ရည်တူခေတ်ပြိုင်တစ်ဦးလို သမုတ်ခံရသူ PUBG Star တစ်ယောက်ဖြစ်တဲ့ Chocotaco ရဲ့အကြောင်းကို ပြောပြပါမယ်။
Chocotaco ရဲ့နာမည်အရင်းကတော့ Jake Throop ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးပါ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ မွေးဖွားတဲ့ Chocotaco ဟာ မကြာခင်မှာ အသက် ၃၁ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။
ဂိမ်းကစားခြင်းကို အလွန်အမင်းနှစ်သက်သူတစ်ဦးဖြစ်ပြီး ဘဝရဲ့အချိန်တော်တော်များများကို ဂိမ်းကစားရင်း ဖြတ်သန်းလာခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ကလေးဘဝကတည်းက Sega Genesis, Nintendo 64 ကဂိမ်းတွေကို စွဲစွဲမြဲမြဲကစားခဲ့ပြီး အဲဒီခေတ်ကဂိမ်းတွေရဲ့ Credit တွေမှာတွေ့ရတတ်တဲ့ Game Tester တစ်ဦးဖြစ်ဖို့က သူ့ရဲ့ငယ်ဘဝအိမ်မက်လို့ ဆိုပါတယ်။
အသက်ကြီးလာတဲ့အခါမှာလည်း Counter Strike 1.6, Dota2 အစရှိတဲ့ဂိမ်းတွေကို စွဲစွဲမြဲမြဲကစားခဲ့သလို Dota2 ကို နာရီ ၈၀၀၀ နီးပါး ကစားခဲ့ပြီး North America Region ရဲ့ Top 50 Rank ထဲကိုဝင်ခဲ့ဖူးပါတယ်။ ၂၀၁၇ အရောက်မှာတော့ Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ PLAYERUNKNOWN'S BATTLEGROUNDS ဟာ ရေပန်းအစားဆုံးဂိမ်းတစ်ဂိမ်းဖြစ်လာခဲ့ပြီး Chocotaco တစ်ယောက်လည်း ဒီဂိမ်းနဲ့အတူ သူ့ရဲ့ Streamer Career ကို စတင်ခဲ့ပါတယ်။
Jake "Chocotaco" Throop ဟာ အပြင်လောကမှာ အလုပ်အကိုင်အခြေတကျ ရှိသူတစ်ယောက်ပါ။ သူ့ရဲ့အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီက မြန်မာပြည်ကလူတွေအတွက် တော်တော်လေးထူးဆန်းနေပါလိမ့်မယ်။
LEGO အရုပ်တွေနဲ့ ကလေးတွေကို အင်ဂျင်နီယာနည်းပညာသင်ကြားပို့ချပေးတဲ့ကုမ္ပဏီမှာ Area Manager ရာထူးနဲ့လုပ်ကိုင်ခဲ့တာပါ။ Area Manager ရာထူးဟာ သင်ကြားပို့ချသူတွေကို အလုပ်ခန့်၊ အလုပ်ဖြုတ်တဲ့တာဝန် အပြင် Marketing အပိုင်းနဲ့ ပရိုဂရမ်တွေကို အချိန်ဇယားဆွဲပေးရတဲ့ တာဝန်ကိုယူထားရတဲ့ ရာထူးပဲဖြစ်ပါတယ်။
သူကတော့ သူ့ရဲ့အလုပ်ဟာ စိန်ခေါ်မှုမြင့်မားတဲ့အလုပ်ဖြစ်ပြီး တော်တော်လေး ဝင်ငွေကောင်းတဲ့ အလုပ်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သူဟာ အလုပ်တစ်ဖက်နဲ့ရှိစဉ်ကတည်းက Streaming ကိုပြုလုပ်ခဲ့တာပါ။ တစ်ရက်အလုပ်လုပ်အချိန် ၈ နာရီရှိပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ၆ နာရီ သို့မဟုတ် ၇ နာရီ ဆက်တိုက်လောက် Streaming ကိုပြုလုပ်ခဲ့ပါတယ်။
North America Region ရဲ့ Highest Kill Rate Player တစ်ယောက်အဖြစ် Season 3 ခုစာလောက်ရပ်တည်ခဲ့ပြီး အဲဒါဟာလည်း သူ့ကို Streamer တစ်ယောက်အဖြစ် ရပ်တည်ဖို့ အဓိကအထောက်အကူပြုခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။
Highest Kill Rate Player of North America ဆိုတဲ့ Title နဲ့အတူ Viewer ရာဂဏန်းကနေ တဖြည်းဖြည်းနဲ့ ထောင်ဂဏန်းအထိရောက်ရှိလာတဲ့အခါမှာတော့ အလုပ်ထွက်ကာ အချိန်ပြည့် Streamer လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်စတာနဲ့ သူ့ရဲ့ အချိန်ပြည့် Streamer အလုပ်ကိုစတင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ Shroud နဲ့ ပါတနာတွေအဖြစ် အချိန်အတော်ကြာအောင် အတူတွဲဆော့ခဲ့ပါတယ်။
အများစုကတော့ Chocotaco ကို Shroud နဲ့အတူတွဲဆော့လို့ နာမည်ကြီးတယ်လို့ထင်ကြပေမယ့် အမှန်တော့ Shroud တို့နဲ့တွဲမဆော့ခင်ကတည်းက Viewer အသင့်အတင့်နဲ့ အရှိန်ရနေတဲ့ Streamer တစ်ဦးပါ။ ၂၀၁၈ ခုနှစ် မတ်လ အရောက်မှာတော့ နာမည်ကျော် Esports Organization တစ်ခုဖြစ်တဲ့ Team SoloMid က Chocotaco ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
Chocotaco ဟာ Streamer တွေထဲမှာ အတော်လေးတည်ငြိမ်သူဖြစ်ပြီး အဲဒီအချက်ကလည်း သူ့ကို Chocotaco ရယ်လို့တွဲသိစေတဲ့အချက်ပဲဖြစ်ပါတယ်။ ဂိမ်းရှုံးတဲ့အခါ ဒါမှမဟုတ် ဂိမ်းထဲမှာအသတ်ခံရတဲ့အခါမှာ Streamer တော်တော်များက ဒေါ်သထွက်ပြီး အော်တာဟစ်တာမျိုးတွေ၊ နိုင်တဲ့အခါ အလွန်အမင်း အောင်ပွဲခံတာမျိုးတွေ ပြုလုပ်တတ်ကြပေမယ့် Chocotaco ကတော့ ခပ်အေးအေးပဲတုန့်ပြန်လေ့ရှိပါတယ်။
သူ့ Streamer အဖြစ်ရပ်တည်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာလည်း ဒေါ်သထွက်တာ မရှိသလောက်ပါပဲ။ သူ့ Stream မှာလည်း ဂိမ်းနဲ့ပတ်သတ်တဲ့ Tips and Trick တွေပြောပြလေ့ရှိတာကြောင့် အများစုက သူ့ Stream ကိုကြည့်ရင်း လက်စွမ်းပိုတက်လာတယ်လို့ ဆိုကြပါတယ်။
PUBG ဂိမ်းတည်ထောင်သူတွေကိုယ်တိုင်က အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ကိုယ်ပိုင် Skin တွေကိုလည်း ဂိမ်းထဲထည့်ပေးထားပါသေးတယ်။ သူ့ကိုကြည့်ရှုသူတွေ သဘောကျတဲ့အချက်ကတော့ အေးဆေးတည်ငြိမ်ပြီး ဂိမ်းကို အမှန်အကန်ဆော့ပြတတ်တာကြောင့်ပါ။
အချိန်ပြည့် Streamer အဖြစ်ခံယူပြီး နောက်ပိုင်းမှာ တစ်ရက်ကို ၈ နာရီကနေ ၁၀ နာရီလောက်အထိ Stream လေ့ရှိပါတယ်။ Streamer Career ကို အလေးထားသူဖြစ်သလို ဂိမ်းကိုလည်းတော်တော်လေးနှစ်ခြိုက်ပြီး ယှဉ်ပြိုင်ရတာကို နှစ်သက်တဲ့သူတစ်ဦးပါ။ ဂိမ်းတွေထဲမှာ Borderlands 2 ကတော့ သူအကြိုက်ဆုံးဂိမ်းပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Chocotaco ဟာ Twitch မှာ Follower ၉ သိန်းကျော် နဲ့ Youtube Channel မှာ Subscribe ပြုလုပ်သူပေါင်း ၁ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ သူ့ကို Twitch မှာ လစဉ်ကြေးပေးပြီး Subscribe ပြုလုပ်သူပေါင်းဟာ ၁၀၀၀၀ ကျော်ခန့်ရှိပြီး တစ်လဝင်ငွေဟာ ဒေါ်လာ ၃၀၀၀၀ ကနေ ၄၀၀၀၀ ကျော်ဝန်းကျင်အထိရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
သူ့ရဲ့ Streamer Career စတင်ပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ Networth ဟာ ဒေါ်လာ ၂ သန်းကျော်ရှိလိမ့်မယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ ဘာပဲပြောပြော Chocotaco ဟာ အချိန်ပေးပြီးကြည့်ရတာ တန်တဲ့ Streamer တစ်ဦးပါပဲ။
Chocotaco's Twitter ~ https://twitter.com/chocoTaco
Chocotaco's Twitch ~ https://www.twitch.tv/chocotaco
Youtube ~ https://www.youtube.com/channel/UCSri6c58uWro3kLTlcuFlVA
Written by Myo Thant Kyaw
Share