ကမ်းရိုးတန်းဒေသတွေမှာ သတိပြုနေထိုင်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယကို ဝင်မယ့် အလွန်အလွန့်အားကောင်းတဲ့ ဆိုင်းကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကိုလည်း အဖျားခတ်နိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းစတဲ့ ဒေသတွေမှာမုန်တိုင်းဒဏ်ကို ခံရနိုင်တယ်လို့ မိုးဇလဒုညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwunကိုပြောပါတယ်။

အဲဒီဒေသတွေမှာတော့ လေပြင်းတိုက်ခတ်ပြီး မိုးကြီးမှာ ဖြစ်တဲ့အပြင် လျှပ်တပြက်ရေကြီးတာ၊ မြေပြိုတာတွေလည်းဖြစ်ပေါ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

“ မုန်တိုင်းက မိုင် ၆၀၀ ကျော်လောက်ကျယ်တယ်။ သူ့အချင်းက အဲဒီလောက်ရှိတယ်။ မုန်တိုင်းရဲ့ဗဟိုချက်က ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယကို ဖြတ်မယ်။ အချင်းက ၆၀၀ ရှိတော့ အချင်းဝက် တစ်ဖက်ကို ၃၀၀ ကျော်ရှိတယ်။ အဲဒီတော့ မြန်မာကလည်း မုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေတယ်။ “ လို့ ဒေါ်ခင်ချိုချိုရှိန်က ပြောပါတယ်။

Photo- မန္တလေးမှာ မေလ ၁၁ ရက်နေ့က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ သစ်ပင်ကြီးတွေ ပြိုလဲခဲ့သည်ကို မြင်တွေ့ရစဉ်။

ဒီနေ့ မေလ ၂၀ ရက် မနက် ၇ နာရီခွဲတိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့၊ ဒီဂါမြို့ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့နဲ့ မြန်မာနိုင်ငံ၊ မောင်တောမြို့ နဲ့ စစ်တွေမြို့တို့မှာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းဟာ နောက် ၁၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတိုင်းနဲ့ ပြည်နယ်အားလုံးမှာ မေလ ၂၀ နဲ့ ၂၁ ရက်အတွင်း မိုးရွာသွန်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသတွေအနီးကို မုန်တိုင်းအဖျားခတ်နိုင်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် လေတိုက်နှုန်းမှာ တစ်နာရီကို မိုင် (၅၀-၆၀) နှုန်းနဲ့ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ လျှပ်တပြက်ရေကြီးတာ၊ မြေပြိုခြင်းတွေနဲ့ ကမ်းရိုးတန်း ဒေသတွေမှာ မုန်တိုင်းဒီရေတက်ခြင်းတို့ကိုလည်း ကြုံရနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကမ်းခြေအနီးနေထိုင်သူ၊ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ သတိထားဖို့ လိုအပ်ပြီး နေအိမ်အဆောက်အဦးတွေကို လေဒဏ်၊မိုးဒဏ်ခံနိုင်အောင် ဆောင်ရွက်ထားကြဖို့၊ လေတိုက်နှုန်းကလည်း မြင့်မားတာကြောင့် တဲအိမ်ငယ်တွေ ပြိုလဲနိုင်ပြီး နီးစပ်ရာ အိမ်၊ အဆောက်အဦတွေကို ကြိုတင်ပြောင်းရွှေ့နေထိုင်ကြဖို့၊အန္တရာယ်ရှိ မြစ်ချောင်းတွေအနီး၊ တောင်ကျချောင်းတွေအနီးနဲ့ မြေပြိုနိုင်တဲ့နေရာတွေမှာ နေကြတဲ့သူတွေ ခေတ္တရှောင်ရှားနေထိုင်ကြဖို့၊ မိုးသည်းထန်းစွာရွာသွန်းရာက လျှပ်တပြက်ရေကြီးနိုင်လို့ ဂရုပြုနေထိုင်ကြဖို့ဆိုပြီး လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။


Share

Loading Next Article...
က္က