ပေါင်မြို့နယ်ထဲက ရွာတစ်ရွာမှာ ရဟန်းခံရှင်ပြုအလှူပွဲလုပ်နေတုန်း ဆင်ထီးတစ်ကောင်က လန့်ပြီး အန္တရာယ်ပြုတိုက်ခိုက်ခဲ့တာကြောင့် လူအချို့ဒဏ်ရာတွေ ရခဲ့တယ်လို့ ပေါင်မြို့နယ်ရဲစခန်းကနေ သိရပါတယ်။
Photo - ရင်းငြိမ်ရွှေမြို့တော် FB
မတ်လ၂၄ ရက်မနက် ပိုင်းက ပေါင်မြို့နယ် ရင်းငြိမ် မြောက်ကျေးရွာ သဗြုချောင်ကျေးရွာမှ အလှူနေအိမ်တစ်ခုမှာ ရှင်ပြုဖို့ အတွက်ဆင်နဲ့ တင်ထားရာမှာ ရွှေမိုးငွေမိုးကြဲတဲ့ အစီအစဉ်ပြုလုပ်နေစဉ် လူအုပ်က တိုးဝှေ့ပြီး ပိုက်ဆံကောက်ကြရာ ဆင်က လန့်ပြီး လူတွေကို ရန်ပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် ဆင်ပိုင်ရှင်အပါအဝင် လူ ၄ ဦးက ပြင်းထန်တဲ့ ဒဏ်ရာရရှိပြီး သထုံနှင့် ရန်ကုန်ဆေးရုံတွေဆီကို ပို့ဆောင်ကုသပေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာ ရာသူတွေအနက် အသက် ၆ နှစ်နဲ့ ၈ နှစ်ကလေးငယ်တွေ ပါဝင်ခဲ့ပြီး ဆင်စွယ်နဲ့ အထိုးခံရတာ၊ ဆင်နှာမောင်းနဲ့ အရိုက်ခံရတာ ဆင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးတာတွေ ဖြစ်ခဲ့ပါတယ်။
Photo - ရင်းငြိမ်ရွှေမြို့တော် FB
ထိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆင်ဦးစီးဖြစ်သူကို တိရိစ္ဆာန်အန္တရာယ် ကာကွယ်ထားရန်ပျက်ကွက်ခြင်းနဲ့ ပေါ့ဆခြင်းကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၉ နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။