အမေရိကန်ရဲ့ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာဖြစ်နေတဲ့ နယူးယော့ခ်ပြည်နယ်အတွင်း ဆေးဆိုင်တွေမှာ ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

(Photo: NY Times)
နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောကြားမှုအရ ဆေးဆိုင် ၅,၀၀၀ ခန့်မှာ ဗိုင်းရပ်စ်စစ်ဆေးနိုင်မှာဖြစ်ပြီး တစ်ရက်လျှင် လူ ၄၀,၀၀၀ ကို စစ်ဆေးပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉၆၃,၄၇၂ ဦးနဲ့ သေဆုံးသူ ၅၄,၃၅၇ ဦးရှိခဲ့ပါတယ်။
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအားလုံးရဲ့ သုံးပုံတစ်ပုံနီးပါးဟာ နယူးယော့ခ်ပြည်နယ်တစ်ခုတည်းမှ ဖြစ်ပါတယ်။ နယူးယော့ခ်မှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို နောက်ထပ် ဆေးရုံလေးခုမှာ လုပ်ဆောင်နိုင်ရန် တိုးချဲ့စီစဥ်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဧပြီ ၂၅ ရက်နေ့မှာ ကြေညာထားပါတယ်။
(Photo: EPA)
ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ စတင်သွားမယ်လို့ ဆိုပါတယ်။ ဆေးဆိုင်တွေကိုလည်း ဗိုင်းရပ်စ်စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများ ရယူနိုင်ရန် ခွင့်ပြုပေးသွားမယ်လို့ ၎င်းကဆိုပါတယ်။ နယူးယော့ခ်ပြည်နယ်မှာ လူ ၃,၀၀၀ ကို စစ်ဆေးမှုအရ ၁၄ ရာခိုင်နှုန်းနီးပါးထံမှာ COVID-19 ဖြစ်စေတဲ့ဗိုင်းရပ်စ် ပဋိပစ္စည်းများ တွေ့ရှိခဲ့ရပြီး ယခုတွေ့ရှိမှုနှုန်းအရ ပြည်နယ်တစ်ဝှမ်းရှိ လူဦးရေ ၂.၇ သန်းဟာ ရောဂါကူးစက်ခံထားရနိုင်ဖွယ်ရှိတယ်လို့ ယူဆရကြောင်း အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။
(Photo: AFP)
(Photo: AFP)
ထို့အတူ ကော်လိုရာဒို၊ မစ္စစ္စပီ၊ မင်နီဆိုတား၊ မွန်တာနာနဲ့ တင်နက်ဆီ ပြည်နယ်တွေမှာလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီယားရှိ ကမ်းခြေတွေမှာတော့ ဧပြီ ၂၅ ရက်နေ့က အမေရိကန် အများအပြား လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သမ္မတဒေါ်နယ်ထရန့်က လက်ရှိမှာ lockdown လုပ်ထားမှုတွေကို ရုပ်သိမ်းရန် စောလွန်းနေသေးပြီး တစ်ကျော့ပြန် ကူးစက်မှုတွေ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 တိုက်ဖျက်ရေး lockdown အစီအမံတွေကို လက်မခံဘဲ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။