Huawei ဖောက်သည်နဲ့ သုံးစွဲသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ မျက်နှာလွှဲခဲ့တယ်လို့ ပြောပါတယ်

အမေရိကန်အစိုးရရဲ့ ပြည်ပတိုက်ရိုက်ထုတ်ကုန်ဥပဒေသစ် ပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း Huawei မှ တုန့်ပြန်ပါတယ်။

Analyst Summit 2020 အခမ်းအနားမှာ Huawei ရဲ့ အလှည့်ကျဥက္ကဌ မစ္စတာ ဂေါင်ပင်မှ အမေရိကန်အစိုးရရဲ့ ပြည်ပပို့ကုန်ဥပဒေသစ်အပါအဝင် ကန့်သတ်ပိတ်ပင်မှုများနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 



Photo; Financial Times

" ကျွန်တော်တို့ရဲ့ စီးပွားရေးအပေါ် မရှောင်လွှဲနိုင်တဲ့ သက်ရောက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ အဖြေတစ်ခု ရှာဖို့လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ။" လို့ တနင်္လာနေ့က ကျင်းပနေတဲ့ Huawei ရဲ့ နှစ်စဉ် Global Analyst Summit မှာ ဂေါင်ပင်မှ ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ဆို့စာရင်း Entity List မှာ ထည့်သွင်းခံရချိန်မှာ Huawei ဟာ အမေရိကန်အစိုးရမှ ချမှတ်တဲ့ ဥပဒေများ ၊ လုပ်ထုံးများနဲ့ အညီ လိုက်နာဆောင်ရွက်ခဲ့ပေမယ့် အမေရိကန်အစိုးရဘက်မှ ကုမ္ပဏီအပေါ် ထပ်မံတင်းကြပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ကမ္ဘာ့ထိပ်တန်းနိုင်ငံရပ်ခြားကုမ္ပဏီတစ်ခုကို တိုက်ခိုက်ရန်အတွက် US အစိုးရက Huawei ၏ ဖောက်သည်များနှင့် သုံးစွဲသူများအပေါ် ရည်ရွယ်ချက်ရှိရှိ မျက်နှာလွှဲခဲ့တယ်"လို့ Huawei ဘက်မှ သဘောထား ထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရရဲ့ ကန့်သတ်ချုပ်ခြယ်မှုဟာ Huawei ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို သုံးစွဲနေတဲ့ ကမ္ဘာ့လူဦးရေ ၃ ဘီလျံကျော်ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် သက်ရောက်မှု ရှိလာမယ်လို့လည်း Huawei က ဆိုပါတယ်။ 

အမေရိကန်အစိုးရဟာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှာ Huawei ကို Entity List စာရင်းသွင်းပြီး စတင်ကန့်သတ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ အမေရိကန်အစိုးရဟာ ပို့ကုန်ဥပဒေပြင်ဆင်ချက်တစ်ခု ထုတ်ပြီး အမေရိကန်နည်းပညာသုံးထားတဲ့ chips များ Huawei ပေါ် ရောင်းချမှု ကန့်သတ်ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။

Photo; deccanherald

ပို့ကုန်ဥပ‌ဒေသစ်ကြောင့် Huawei အတွက် semiconductor များ ထုတ်လုပ်ပေးနေတဲ့ TSMC ဟာ Huawei ဆီက အော်ဒါသစ် လက်ခံမှု ရပ်ဆိုင်းလိုက်ကြောင်း Tech Crunch သတင်းက ဆိုပါတယ်။ ဒီဥပဒေအရ Huawei ဘက်မှ မှာယူထားတဲ့ semiconductor ပစ္စည်းအစိတ်အပိုင်းများကို ဥပဒေသစ် ထွက်ပြီး ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ် တင်ပို့‌ပေးရမှာ ဖြစ်ပါတယ် 

Huawei ဟာ Apple ပြီးရင် TSMC ရဲ့ ဒုတိယအကြီးဆုံး ဖောက်သည်ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် မေ ၊ ဩဂုတ် ၊ နိုဝင်ဘာနဲ့ မတ်လတွေမှာ ပိတ်ဆို့မှု ယာယီဖြေလျှော့ပြီး သက်တမ်းတိုးမှုများ ထပ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ Huawei ပေါ် ပိတ်ဆို့အရေးယူမှုကို လာမယ့်နှစ် မေလအထိ သက်တမ်းတိုးထားလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က