Samsung ဟာ အမေရိကန်တယ်လီကွန်းအော်ပရေတာကြီးဖြစ်တဲ့ Verizon နဲ့ ပူးပေါင်းပြီး 5G ဖုန်းသစ်တစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။
Verizon ရဲ့ 5G mmWave ကွန်ရက်ပေါ်မှာ အလုပ်လုပ်နိုင်မယ့် ဒီဖုန်းကို Samsung Galaxy A71 5G UW လို့ ခေါ်ပါတယ်။ UW ဆိုတာကတော့ Verizon ရဲ့ ကိုယ်ပိုင် Ultra Wideband 5G ကွန်ရက်ချိတ်ဆက်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ Galaxy A71 5G ဖုန်းသစ်ဟာ flagship မော်ဒယ် Galaxy S20 နဲ့ အတော်လေး ဆင်ပါတယ်။

Photo: XDA-Developers
Galaxy A71 5G UW ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထွက်ထားတဲ့ Galaxy A71 5G နဲ့ တစ်ပုံစံတည်းဖြစ်ပြီး processor ကို Qualcomm Snapdragon 765G processor သုံးထားတာပဲ ကွာပါတယ်။ Infinity-O display နဲ့ လာပြီး ၆.၇ လက်မ OLED display နဲ့ လာပါတယ်။RAM 8GB/128GB storage အထိ သုံးထားပြီး ဘက်ထရီပါဝါကတော့ 4500mAh ဖြစ်ပါတယ်။
ကျောဘက်ကင်မရာဟာ ထောင်လိုက် စတုဂံပုံစံကင်မရာကွက်ဖြစ်ပြီး 64MP main sensor ၊ 12MP ultrawide ၊ 5MP macro lens နဲ့ 5MP depth sensor များ သုံးထားပါတယ်။ရှေ့ဘက်မှာတော့ 32MP selfie ကင်မရာ ပါရှိပါတယ်။ ဓါတ်ပုံရိုက်ရာမှာ အလင်းအမှောင်နဲ့ အရောင်အသွေးကို အလိုအလျောက် ချိန်ညှိပေးနိုင်မယ့် Samsung Scene Optimizer စနစ်လည်း ထည့်ထားပါတယ်။
Photo: SlashGear
Galaxy A71 5G UW ကို ဒေါ်လာ ၆၅၀ (မြန်မာငွေ ၈ သိန်း ၈ သောင်းခွဲကျော်) ဈေးနဲ့ လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။ Verizon ကနေ ဖြန့်ချိနေတဲ့ OnePlus 8 5G UW ကိုတော့ ဒေါ်လာ ၈၀၀ ဈေးနဲ့ ရောင်းချနေတာဖြစ်လို့ ဒီဖုန်းဟာ Verizon ကနေ ဖြန့်ချိနေတဲ့ 5G ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး ဖြစ်ပါတယ်။
mmWave 5G နည်းပညာကို သုံးထားဖြစ်လို့ sub-6GHz 5G ထက်ပိုမြန်ဆန်သလို ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိတဲ့ Verizon ရဲ့ low-band 5G ကွန်ရက်နဲ့ပါ အလုပ်လုပ်နိုင်မှာပါ။ Verizon ဟာ အမေရိကန် မြို့ကြီး ၃၅ ခုမှာ Ultra Wideband 5G ကွန်ရက် ဖြန့်ကြက်ထားပြီး ထပ်ပြီးလည်း မြို့တွေမှာ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။