• Featured

    အမေရိကန်က WHO နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်မယ်လို့ သမ္မတထရန့် ကြေညာ

WHO ဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်ဖြစ်လာကြောင်း ထရန့်က ပြောဆိုထားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်သွားတော့မယ်လို့ သမ္မတဒေါ်နယ်ထရန့်က သောကြာနေ့ (မေ ၂၉ ရက်) မှာ ကြေညာလိုက်ပါတယ်။

ကျွန်တော်တို့ တောင်းဆိုထားခဲ့ပြီး ကြီးမားစွာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ လုပ်ဆောင်ခဲ့ခြင်း မရှိလို့ပါ
image

(ဂျနီဗာမြို့ရှိ WHO ရုံးချုပ်အဆောက်အအုံ) (Photo: AP)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး WHO ရဲ့ ဆောင်ရွက်မှုတွေအေပေါ် သမ္မတထရန့်က ကျေနပ်မှုမရှိခဲ့ဘဲ ထိုအဖွဲ့အစည်းဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်ဖြစ်လာကြောင်း ပြောဆိုထားခဲ့ပါတယ်။ WHO ကို ရက် ၃၀ အတွင်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ရန်နဲ့ ထိုသို့မဟုတ်ပါက အမေရိကန်က WHO အတွက် ရန်ပုံငွေထည့်ဝင်မှု ရပ်ဆိုင်းမယ်လို့လည်း ထရန့်က သတိပေးထားခဲ့ပါတယ်။ ယခုအခါ အဆိုပါ သတ်မှတ်ရက်မပြည့်မီ တစ်ပတ်အလိုမှာ WHO နဲ့ ဆက်ဆံရေးဖြတ်တောက်မယ်လို့ အမေရိကန်သမ္မတ ထရန့်က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

WHO အတွက် ရန်ပုံငွေတွေကို အခြား ကမ္ဘာတစ်ဝှမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလိုအပ်မှုတွေမှာ၊ ထိုက်သင့်တဲ့နေရာတွေမှာ ပြောင်းလဲအသုံးပြုသွားမှာပါ

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Mandel Ngan/AFP via Getty Images)

"ကျွန်တော်တို့ တောင်းဆိုထားခဲ့ပြီး ကြီးမားစွာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ လုပ်ဆောင်ခဲ့ခြင်း မရှိလို့ပါ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဒီနေ့ ဖြတ်တောက်သွားပါမယ်၊ ဒီအဖွဲ့အစည်းအတွက် ရန်ပုံငွေတွေကို အခြား ကမ္ဘာတစ်ဝှမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလိုအပ်မှုတွေမှာ၊ ထိုက်သင့်တဲ့နေရာတွေမှာ ပြောင်းလဲအသုံးပြုသွားမှာပါ" လို့ သမ္မတအိမ်ဖြူတော် နှင်းဆီဥယျာဥ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောခဲ့ပါတယ်။

"တရုတ်က WHO ကို တစ်နှစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲ ပေးနေပြီး အပြည့်အဝ ထိန်းချုပ်ထားပါတယ်၊ အမေရိကန်က WHO အတွက် တစ်နှစ်ကို ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၄၅၀ ပေးနေခဲ့တာပါ၊ ကျွန်တော်တို့မှာ WHO လုပ်ရမယ် ပြုပြင်ပြောင်းလဲမှု အသေးစိတ်တွေရှိတယ်၊ သူတို့နဲ့ တိုက်ရိုက် စေ့စပ်ညှိနှိုင်းခဲ့တယ်၊ ဒါပေမဲ့ သူတို့က လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တယ်" လို့ သမ္မတထရန့်က ဆိုပါတယ်။

တရုတ်က WHO ကို တစ်နှစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲ ပေးနေပြီး အပြည့်အဝ ထိန်းချုပ်ထားပါတယ်

(WHO အကြီးအကဲနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်) (Photo: Naohiko Hatta - Pool/Getty Images)

အမေရိကန်သမ္မတက WHO အကြီးအကဲ Tedros Adhanom Ghebreyesus ထံသို့ ပြုပြင်ပြောင်းလဲမှုတွေကို ရက် ၃၀ အတွင်း လုပ်ဆောင်ရန် တောင်းဆိုထားတဲ့ ပေးစာတစ်စောင် မေ ၁၈ ရက်နေ့က ပေးပို့ထားခဲ့တာ ဖြစ်ပါတယ်။ WHO က COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်နေစဥ် အမေရိကန်က ရန်ပုံငွေထည့်ဝင်နေမှုများ ဖြတ်တောက်လိုက်ခြင်းက ကမ္ဘာတစ်ဝှမ်း ဂယက်ရိုက်မှုတွေ ရှိလာနိုင်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

အမေရိကန်သမ္မတထရန်ရဲ့ ဆက်ဆံရေးဖြတ်တောက်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ WHO က မှတ်ချက်တစ်စုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောခွင့်ရအမျိုးသားတစ်ဦးကတော့မေးမြန်းရာမှာတော့ "နိုင်ငံအားလုံးက WHO ကို ဝိုင်းဝန်ကူညီကြဖို့ ကျွန်တော်တို့ အပြောင်းမလဲမရှိ တိုက်တွန်းပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က