အမေရိကန်နိုင်ငံကို ဟာရီကိန်းမုန်တိုင်းလော်ရာ (Hurricane Laura) ဝင်ရောက်တိုက်ခတ်စဥ် ကြီးမားတဲ့ မုန်တိုင်းဒီရေလှိုင်း တက်ရောက်မှု၊ အလွန်ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း National Hurricane Center (NHC) က ပြောပါတယ်။

(Photo: Joe Raedle/Getty Images)
ဟာရီကိန်းလော်ရာဟာ လက်ရှိမှာ ပြင်းအားအဆင့် ၃ (Categor 3) မုန်တိုင်းအဖြစ် တိုက်ခတ်နေပြီး အမေရိကန်ကို ဦးတည်ချဥ်းကပ်လာနေပါတယ်။ မုန်တိုင်းဟာ တက္ကဆက်နဲ့ လူဝီစီးယားနား ပြည်နယ်တို့ကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၆ ရက်) နှောင်းပိုင်းမှာ မရောက်ရှိမီ ပြင်းအားအဆင့် ၄ (Categor 4) အဖြစ် ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဝင်ရောက်မယ့် နေရာများရှိ ဒေသခံတွေကို ကြိုတင်ပြင်ဆင်မှုများ အလျင်အမြန် အပြီးသတ်လုပ်ဆောင်ကြရန် NHC က သတိပေးထားပါတယ်။ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းတစ်လျှောက်ရှိ လူဦးရေ သန်းတစ်ဝက် (၅၀၀,၀၀၀) ကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ပြောထားပါတယ်။
(Photo: EPA)
ဟာရီကိန်းလော်ရာနဲ့ နောက်ထပ် မုန်တိုင်းတစ်ခုဖြစ်တဲ့ မာကို (Marco) တို့ ကာရေဘီယန်ဒေသမှာ အစောပိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့မှုအတွင်း လူ ၂၄ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ မုန်တိုင်းမာကိုက လူဝီစီးယားနားပြည်နယ်ကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ တနင်္လာနေ့ (ဩဂုတ် ၂၄ ရက်) မှာ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
(Map: Google)
ဟာရီကိန်းမုန်တိုင်းလော်ရာဟာ လက်ရှိမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်ဖြင့် တိုက်ခတ်နေပြီး နောက်ထပ် နာရီအနည်းငယ်အတွင်း တစ်နာရီလျှင် မိုင် ၁၃၀ အထိ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဟာရီကိန်းလော်ရာကြောင့် တစ်နာရီလျှင် မိုင် ၁၆၀ အထိ အလွန်ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းလော်ရာဟာ ဒေသစံတော်ချိန် ကြာသတေးနေ့ (ဩဂုတ် ၂၇ ရက်) သန်းခေါင်ကျော်အချိန်မှာ တက္ကဆက်-လူဝီစီးယားနား နယ်စပ်နေရာကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
(Photo: @Astro_SEAL/Twitter)
မုန်တိုင်းကြောင့် လူဝီစီးယားနား၊ တက္ကဆက်နဲ့ မစ္စစ္စပီ ပြည်နယ်တွေမှာ ဩဂုတ် ၂၆ ရက်နေ့ ညပိုင်းအချိန် လေဆင်နှာမောင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်ထားတယ်လို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ် Beaumont, Galveston နဲ့ Arthur မြို့များမှ ဒေသခံ ၃၈၅,၀၀၀ ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပါတယ်။ ထို့အတူ လူဝီစီးယားနားပြည်နယ် အနောက်တောင်ပိုင်း Calcasieu Parish ဒေသရှိ လူဦးရေ ၂၀၀,၀၀၀ ကိုလည်း ရွှေ့ပြောင်းကြရန် ပြောထားပါတယ်။
.