• Featured

    အမေရိကန်မှ နယူးယော့ခ်နဲ့ ယူအေအီးနိုင်ငံတို့မှာ COVID-19 ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် လက်ထပ်ခွင့်ပြု

နယူးယော့ခ်မှာ lockdown လုပ်ထားခဲ့ရာ မင်္ဂလာပွဲအများအပြား ရွှေ့ဆိုင်းခဲ့ကြရပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့မှာ COVID-19 ကပ်ရောဂါကာလအတွင်း စုံတွဲများကို အွန်လိုင်းမှတစ်ဆင့် လက်ထပ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

image

(Photo: AP)

အမေရိကန်မှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်နေတဲ့ နယူးယော့ခ်ပြည်နယ်အတွင်း lockdown အစီအမံများ ချမှတ်ဆောင်ရွက်ထားစဥ် စုံတွဲများ အွန်လိုင်းလက်ထပ်ခွင့်ပြုတဲ့ အမိန့်တစ်ရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ယခုအခါ နယူးယော့ခ်မှာ နေထိုင်ကြတဲ့ စုံတွဲတွေဟာ လက်ထပ်စာချုပ်ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရယူနိုင်ပြီး မင်္ဂလာပွဲတွေကို အွန်လိုင်းမှာ စီစဥ်ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။ နယူးယော့ခ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားခဲ့ရာ မင်္ဂလာပွဲအများအပြား ရွှေ့ဆိုင်းခဲ့ကြရပါတယ်။

(Photo: CNN)

နယူးယော့ခ်ပြည်နယ်အတွင်း COVID-19 တိုက်ဖျက်ရေး lockdown အစီအမံတွေကို မေလ ၁၅ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ နယူးယော့ခ်ဟာ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးနေရာဖြစ်နေပြီး ပြည်နယ်မြို့တော် နယူးယော့ခ်မြို့တစ်မြို့တည်းမှာပင် သေဆုံးသူ ၁၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာတော့ နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အွန်လိုင်းမှလက်ထပ်ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်နေပါတယ်။ အချို့က စုံတွဲတွေဟာ ၎င်းတို့ရဲ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်နိုင်ခြင်းမရှိချိန်မှာ မည်သည့်အတွက် မင်္ဂလာပွဲကျင်းပရန် ရွေးချယ်ရမှာလဲလို့ မေးခွန်းထုတ်ထားကြပါတယ်။

(Photo: BBC)

ဝေဖန်သူတွေကတော့ အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်အတွက် အခြား ဆုံးဖြတ်ချက်တွေကို ဦးစားပေး ဆောင်ရွက်မှုမရှိကြောင်း ပြောဆိုကြပါတယ်။ သို့သော် ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှတစ်ဆင့် လက်ထပ်နိုင်ခြင်းကြောင့် စုံတွဲတွေအနေနဲ့ ကျန်းမာရေးအာမခံကို မျှဝေခံစားခွင့်ကဲ့သို့ လက်တွေ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း ထောက်ပြကြသူတွေလည်း ရှိနေပါတယ်။ နယူးယော့ခ်ဟာ စုံတွဲတွေကို အွန်လိုင်းမှတစ်ဆင့် လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံးနေရာတော့ မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာလည်း နိုင်ငံသားတွေနဲ့ အခြေချနေထိုင်သူတွေကို အွန်လိုင်းမှတစ်ဆင့် လက်ထပ်ခွင့်ပြုကြောင်း ကြေညာထားပါတယ်။ ယူအေအီး တရားရေးဝန်ကြီးဌာနက စုံတွဲများ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ပြီး လက်ထပ်စာချုပ် ပြုလုပ်နိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ထားကြောင်း သိရပါတယ်။ ထို့နောက် အွန်လိုင်းချိတ်ဆက်ပြုလုပ်တဲ့ မင်္ဂလာပွဲမှာ လက်ထပ်စာချုပ် မှတ်ပုံတင်စာရင်းသွင်းသူနဲ့ အသိသက်သေများက ပါဝင်ကြပြီး လက်ထက်ထိမ်းမြားမှု အထမြောက်စေတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Frank Franklin II)

အလားတူ အွန်လိုင်းမှတစ်ဆင့် လက်ထပ်စာချုပ် လျှောက်ထားရယူခြင်းကို အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာလည်း တရားဝင် ခွင့်ပြုထားကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်မှာလည်း သတ်မှတ်ထားတဲ့ အခြေအနေတွေမှာ အွန်လိုင်းမှတစ်ဆင့် လက်ထပ်ခွင့်ပြုထားပါတယ်။ အိုဟိုင်းအိုးပြည်နယ်မှ စုံတွဲများမှ တစ်ဦးဦးက ကျန်းမာရေးဝန်ထမ်းဖြစ်နေခြင်း၊ အပြင်းအထန် နေမကောင်းဖြစ်နေခြင်း သို့မဟုတ် ကျန်းမာရေးအာမခံကိစ္စရှိနေခြင်းကဲ့သို့ အခြေအနေမှာ အွန်လိုင်းကနေ လက်ထပ်စာချုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က