Apple ၊ Amazon ၊ Google နဲ့ Facebook တို့မှ အမှုဆောင်အရာရှိချုပ်တွေဟာ အိမ်ဖြူတော်တရားရေးကော်မတီရှေ့မှောက်မှာ အစစ်ဆေးခံဖို့ သဘောတူညီမှု ရထားတယ်လို့ ဆိုပါတယ်။
Politico သတင်းအရ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ဟာ နောက်ဆုံးမှ ကြားနာမှု လုပ်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ် နဲ့ Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်း တို့ကလည်း တစ်ခြားကုမ္ပဏီတွေသာ ကွန်ဂရက်ရှေ့မှောက် အစစ်ဆေးခံဖို့ သဘောတူမယ်ဆိုရင် ၎င်းတို့လည်း ကြားနာမှုလုပ်ဖို့အတွက် သဘောတူထားပါတယ်။

Photo: Wall Street Journal
Amazon ကလည်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ဟာ ကြားနာစစ်ဆေးမှု ခံယူမယ်လို့ အိမ်ဖြူတော်တရားရေးဌာနကို ပေးတဲ့စာမှာ ဆိုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးလည်း ဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်ဟာ ကွန်ဂရက်ရှေ့မှောက်မှာ တစ်ခါမှ ရောက်မလာခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်တရားရေးဌာနဟာ နည်းပညာကုမ္ပဏီကြီး ၄ ခုကို သီးခြားစီ စွပ်စွဲမှုတွေအပေါ် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
Google ဟာ ကြော်ငြာ ဈေးကွက်ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခံရမှာ ဖြစ်ပြီး Facebook ကတော့ လုပ်ငန်းဝယ်ယူမှုတွေအပေါ် မေးခွန်းထုတ်ခံရမှာပါ။ Apple ရဲ့ App Store ကလည်း ဈေးကွက်လက်ဝါးကြီး အုပ်ထားတယ်လို့ စွပ်စွဲမှုတွေ ရှိနေပြီး Amazon အနေနဲ့ လက်ဝေခံရောင်းချသူတွေပေါ် ပြုမှုပုံနဲ့ ပတ်သက်လို့ အိမ်ဖြူတော်တရားရေးဌာနမှ မေးမြန်းစုံစမ်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ ကြားနာစစ်ဆေးမယ့် နေ့ရက်နဲ့အစီအစဉ် ထွက်မလာသေးပါဘူး။ ကြားနာမှုကို ဇူလိုင်လကုန်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိပြီး COVID-19 ကပ်ရောဂါဘေးကြောင့် အွန်လိုင်းကနေပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီကြားနာမှုဟာ ကွန်ဂရက်ရှေ့မှောက် နည်းပညာကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ် ၄ ဦးစလုံး ပထမဆုံးအကြိမ် အစစ်ဆေးခံတာ ဖြစ်ဖွယ်ရှိပါတယ်။
Photo: Business Insider
အိမ်ဖြူတော်တရားရေးကော်မတီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လထဲမှာ နည်းပညာကုမ္ပဏီကြီးတွေကိူ ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ကလည်း နည်းပညာကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းဝယ်ယူမှုကို စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် တရားရေးဌာနနဲ့ အမေရိကန်ပြည်နယ်ဒေသအသီးသီးမှ ရှေ့နေပေါင်း ၅၀ ကလည်း Google ကို စုံစမ်းစစ်ဆေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂအသိုင်းအဝိုင်းမှလည်း Apple ပိုင် App Store နဲ့ Apple Pay ဈေးကွက်ကျင့်ထုံးမှုအပေါ် စုံစမ်းဖို့ လုပ်ဆောင်နေပါတယ်။