Alibaba Group Holding တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ဂျက်မားဟာ COVID-19 ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်များ လှူဒါန်းနေတယ်လို့ ဆိုပါတယ်။
ဂျက်မားဟာ အမေရိကန်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ ပစ္စည်း ၅ သိန်းနဲ့ Face Mask ပေါင်း ၁ သန်း လှူဒါန်းနေတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ဂျက်မားတည်ထောင်ထားတဲ့ ဂျက်မားဖောင်ဒေးရှင်းနဲ့ Alibaba ဖောင်ဒေးရှင်းတို့ ပေါင်းပြီး လှူဒါန်းတာ ဖြစ်တယ်လို့လည်း Twitter ပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။

Photo: The Verge
" ကျွန်တော်တို့ နိုင်ငံမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ လျင်မြန်တိကျတဲ့ စမ်းသပ်မှုနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ တစ်ကိုယ်ရေ အကာအကွယ် ပစ္စည်းတွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရာမှာ အထိရောက်ဆုံး ဖြစ်ပါတယ်။" လို့ ဂျက်မားက သူ့ရဲ့ Twitter ပို့စ်မှာ ရေးသားထားပါတယ်။
ဒီပို့စ်မှာပဲ လူတွေဟာ အရင်းအမြစ်တွေနဲ့ ကိုယ့်အတွေ့အကြုံသင်ခန်းစာတွေကို မျှဝေဖို့ တားဆီးထားတဲ့ ဘောင်တွေ မချိုးဖျက်ဘဲနဲ့ အကြပ်အတည်းတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ ယခုတစ်ပတ်အစောပိုင်းမှာပဲ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီတစ်ပတ်သောကြာနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ဘီလျံ ၅၀ အထိ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူ အနည်းဆုံး ၃၄၈၆ ဦး ကျော် ရှိနေပြီး သေဆုံးသူဦးရေဟာ ၆၅ ဦးအထိ ရှိလာပြီလို့ CNN Health က ဖော်ပြထားပါတယ်။
Photo: The Hill
ဒေါ်လာ ဘီလျံ ၄၂၀ ကျော်တန် Alibaba လုပ်ငန်းစုကြီးကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၃၇ ဘီလျံခန့် ချမ်းသာတဲ့ ဂျက်မားဟာ မတ်လ ၂ ရက်နေ့ကလည်း ဂျပန်နိုင်ငံအတွက် Face Mask ၁ သန်း လှူခဲ့ပြီး မတ်လ ၆ ရက်နေ့ကလည်း အီရန်အတွက် ၁ သန်း တင်ပို့လှူဒါန်းဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
မတ်လ ၁၁ နေ့မှာတော့ ဂျက်မားဟာ ဥရောပနိုင်ငံတွေအတွက်လည်း Face Mask ပေါင်း ၁.၈ သန်း နဲ့ စမ်းသပ်ကိရိယာ ၁ သိန်း လှူမယ်လို့ ပြောထားပါတယ်။ ဂျက်မားဟာ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ Alibaba ရဲ့ အမှုဆောင်ဥက္ကဌ ရာထူးမှ အနားယူခဲ့ပါတယ်။