အမေရိကန်မှာ ရဲကဖမ်းဆီးစဥ် လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့မှုအပေါ် ဆန္ဒပြမှုများမှ အကြမ်းဖက် ဆူပူအုံကြွမှုများ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေခဲ့ရာ အဓိကမြို့ကြီးတွေ အပါအဝင် မြို့အများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
(Photo: EPA)
လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ အတ္တလန်တာ အပါအဝင် အမေရိကန် မြို့ ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ ဆူပူအုံကြွမှုတွေ အဓိက ဖြစ်ပွားနေတဲ့ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ မေ ၃၀ ရက်က ငါးညဆက်တိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
(Photo: AP)
ဆန္ဒပြသူတွေက ထိုသေဆုံးမှုအတွက် ပိုမိုပြင်းထန်တဲ့ လူသတ်မှု စွဲချက်များနဲ့ နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ငွေအတု ကိုင်တွယ်သုံးစွဲကြောင်း သတင်းအရ ရဲတပ်ဖွဲ့က မေ ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ထိုသို့ ဖမ်းဆီးခဲ့စဥ်အတွင်း လက်ထိပ်ခတ်ထားတဲ့ ဂျော့ဂျ်ကို မြေပြင်မှာလှဲချပြီး ရဲအရာရှိတစ်ဦးက ၎င်းရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း တောင်းပန်ပြောကြားနေခဲ့တာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ကြားသိခဲ့ကြရပါတယ်။
(Photo: AP)
ဂျော့ဂျ်ဟာ ထိုဖြစ်စဥ်အတွင်းမှာ သေဆုံးသွားခဲ့ပြီးနောက် မေ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဂျော့ဂျ်ရဲ့ လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ရဲအရာရှိ Derek Chauvin ကို လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး တနင်္လာနေ့ (ဇွန် ၁ ရက်) မှာ ရုံးထုတ်စစ်ဆေးမယ်လို့လည်း သိရပါတယ်။
၎င်းအပါအဝင် ထိုစဥ်က အတူရှိနေခဲ့တဲ့ ရဲအရာရှိ သုံးဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ဂျော့ဂျ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Derek Chauvin, Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
(Photo: AP)
ဂျော့ဂျ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြကြရာမှ အကြမ်းဖက် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး မီးရှိုမှုနဲ့ လုယက်ဖျက်ဆီးမှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။ ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။
(Photo: AP)
ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ပြည်သူလူထု ဆူပူအုံကြွမှုတွေအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုတွေဟာ အမေရိကန် မြို့ကြီးတွေမှာလည်း ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ ၃၀ ထက်မနည်းမှာ ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။
မင်နီယာပိုလစ်၊ လော့စ်အိန်ဂျလိစ်၊ နယူးယော့ခ်၊ ချီကာဂို၊ အတ္တလန်တာ၊ ဝါရှင်တန်ဒီစီ၊ အင်ဒီယာနာပိုလစ်၊ ဖီလာဒဲလ်ဖီးယား၊ မီယာမီ၊ ပို့တ်လန်း၊ လူးဝစ်ဗီလီ၊ ဆန်ဖရန်စစ္စကို၊ ဖလင့်တ် အပါအဝင် အနည်းဆုံး မြို့ပေါင်း ၂၅ မြို့မှာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz တို့ကတော့ ဆူပူအုံကြွမှုတွေကို ဖြိုခွင်းပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရန် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။
Source: The Telegraph, BBC, AFP