COVID-19 ကာလမှာ အမေများအဖွဲ့ရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက ထောက်ပံ့ငွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Photo: MMPO
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ အနုပညာလောကသားတွေအတွက် အလှူအတန်းလုပ်နေတာ တွေ့ရပါတယ်။ အခုလည်း အမေများအဖွဲ့အတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
"သရုပ်ဆောင် ပြေတီဦး၊အိန္ဒြာကျော်ဇင် တို့က အမေများအဖွဲ့သို့ ငွေကျပ် ဆယ်သိန်း လှူဒါန်းခဲ့ပါသည်။ အလှူရှင် နှင့် အမေများအဖွဲ့ ကျန်းမာ ချမ်းသာကြပါစေ" ဆိုပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ တရားဝင် Facebook Page ဖြစ်တဲ့ Myanmar Motion Picture Organization Facebook မှာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကျေးဇူးတင်စကားဆိုထားတာ တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ Commet ကနေတဆင့် သာဓု (၃) ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။
Photo: Eaindra Kyaw Zin
ဧပြီလတုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ ပရိသတ်တွေအတွက် We Love Yangon ကနေတဆင့် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့ပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ ဇနီးမောင်နှံ ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကလည်း ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။