COVID-19 ရောဂါဖြစ်ပါက အိမ်မှာပင် အလွယ်တကူသောက်လို့ရတဲ့ Merck & Co. ဆေးဝါးကုမ္ပဏီထုတ် Molnupiravir ဆေးကို အမေရိကန် FDA (Food and Drug Administration) က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တရားဝင် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

(Merck ကုမ္ပဏီထုတ် Molnupiravir သောက်ဆေး) (Photo: Reuters)
Merck က Ridgeback Biotherapeutics ဇီဝနည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Molnupiravir ဗိုင်းရပ်စ်သတ်သောက်ဆေးဟာ COVID-19 လူနာတွေ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။ အမေရိကန် FDA က Molnupiravir သောက်ဆေးကို ရောဂါပြင်းထန်လာနိုင်ခြေရှိတဲ့ ရောဂါလက္ခဏာ အပျော့စားမှ အလယ်အလတ်ရှိတဲ့ အရွယ်ရောက်ပြီး COVID-19 လူနာတွေမှာ ကုသရန်သောက်ဆေးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။
ထို့အတူ အခြားရွေးစရာ COVID-19 ကုသမှုများ မရရှိနိုင်သူတွေ သို့မဟုတ် ဆေးဘက်ဆိုင်ရာအရ သင့်လျော်သူတွေမှာ အသုံးပြုရန်လည်း အမေရိကန် FDA က ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်အစိုးရက ဒေါ်လာ ၇၀၀ စီကျသင့်တဲ့ ဆေးပတ် ၅ သန်းစာအတွက် Molnupiravir ဆေးများဝယ်ယူရန် Merck နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားကြောင်း သိရပါတယ်။
(Pfizer ကုမ္ပဏီထုတ် Paxlovid) (Photo: Reuters)
အမေရိကန် FDA က Molnupiravir ဆေးကို အသက် ၁၈ နှစ်အောက်အရွယ်တွေမှာတော့ အသုံးပြုရန် ခွင့်ပြုမထားပါဘူး။ ထိုဆေးဟာ အရိုးနဲ့ အရိုးနု ကြီးထွားဖြစ်ထွန်းမှုအပေါ် သက်ရောက်မှုရှိတာကြောင့် ၁၈ နှစ်အောက်တွေမှာ အသုံးပြုခွင့်မပေးထားတာ ဖြစ်ပါတယ်။ အမေရိကန် FDA က ဒီဇင်ဘာ ၂၂ ရက်နေ့မှာလည်း Pfizer ဆေးဝါးကုမ္ပဏီထုတ် Paxlovid ခေါ် COVID-19 ကုထုံးဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်ရာ လက်ရှိမှာ အမေရိကန် FDA အသိအမှတ်ပြု COVID-19 သောက်ဆေးနှစ်မျိုးရှိလာခဲ့ပါတယ်။
Paxlovid ခေါ် ကုထုံးဆေးဟာ Pfizer က အသစ်ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်သတ် သောက်ဆေးနဲ့ ritonavir အမည်ရှိ ယခင်ရှိပြီးသား ဗိုင်းရပ်စ်သတ် သောက်ဆေးတို့ကို ပေါင်းစပ်သောက်ရတာလို့ ဆိုပါတယ်။ Pfizer ရဲ့ Paxlovid က ရောဂါပြင်းထန်နိုင်ခြေရှိတဲ့ COVID-19 ကူးစက်ခံရသူတွေမှာ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ကာကွယ်ပေးရာမှာ ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိကြောင်း ကုမ္ပဏီရဲ့ စမ်းသပ်မှုအချက်အလက်တွေအရ သိရှိရပါတယ်။ အမေရိကန်အစိုးရက Paxlovid ကိုလည်း ဆေးပတ် ၁၀ သန်းစာထက်မနည်း ဝယ်ယူရန်စီစဥ်ထားပါတယ်။