အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲမှာ လူအုပ်စု တိုးဝှေ့လဲကျမှုကြောင့် အနည်းဆုံ လူ ၈ ဦး သေဆုံးခဲ့ပြီးနောက် ရက်ပ်အဆိုတော် ထရာဗစ်စကော့ တရားစွဲခံထားရပါတယ်။

(ထရာဗစ်စကော့နှင့် ဒရက်ခ်) (Photo: TheLiveMirror)
Astroworld Festival ဂီတပွဲကို လာရောက်ကြည့်ရှုခဲ့သူ ပရိသတ်တစ်ဦးက ထရာဗစ်စကော့ (Travis Scott) နဲ့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ပရိသတ်အံ့အားသင့်ရန် လာရောက်ဖျော်ဖြေခဲ့တဲ့ ကနေဒါ ရက်ပ်အဆိုတော် ဒရက်ခ် (Drake) တို့ကို လူအုပ်စုကို လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲထားပြီး ထိခိုက်နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ သန်း တောင်းဆိုထားပါတယ်။
ထရာဗစ်စကော့နဲ့ ဒရက်ခ်တို့ နှစ်ဦးလုံးကတော့ တရားစွဲခံရတဲ့ကိစ္စအပေါ် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ နိုဝင်ဘာ ၅ ရက် ညပိုင်းက ထရာဗစ်စကော့ ဂီတဖျော်ဖြပွဲမှာ လူအုပ်စု တိုးဝှေ့လဲကျမှုကြောင့် အသက်အငယ်ဆုံး ၁၄ နှစ်အရွယ် အပါအဝင် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
(လူအုပ်စု တိုးဝှေ့လဲကျမှုအတွင်း သေဆုံးခဲ့သည့် Brianna Rodriguez) (Photo: Iris Rodriguez)
ထိုဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် သေဆုံးသူတွေရဲ့ မိသားစုတွေကို ကူညီရန်ဆောင်ရွက်နေတယ်လို့ အမေရိကန် ရက်ပ်အဆိုတော်က ပြောပါတယ်။ ဂီတဖျော်ဖြေပွဲမှာ စတိတ်စင်ရှေ့ အနီးဆုံးနေရာကိုရောက်ရှိရန် လူအုပ်စုက တိုးဝှေ့ကြရာမှ လူတွေ ထိတ်လန့်လာကြပြီးနောက် ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လူအုပ်စု တိုးဝှေ့လဲကျမှု စတင်ဖြစ်ပွားခဲ့ကြောင်း ဟူစတန် မီးသတ်တပ်ဖွဲ့အကြီးအကဲ Samuel Peña က ပြောပါတယ်။
လူအုပ်စု တိုးဝှေ့လဲကျမှုအတွင်း အခြား လူ ၃၀၀ ခန့်လည်း ပွန်းပဲ့ဒဏ်ရာကဲ့သို့ အသေးစား ဒဏ်ရာများရခဲ့ပြီး ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို ပရိသတ် ၅၀,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ရဲတပ်ဖွဲ့က ဂီတဖျော်ဖြေပွဲအတွင်း ပရိသတ်ထဲမှတစ်ဦးက လူတွေကို မူးယစ်ဆေးထိုးပေးနေခဲ့ကြောင်း သတင်းထွက်ပေါ်နေမှု အပါအဝင် ယခုဖြစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးနေခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
(ဂီတပွဲမှာ သေဆုံးခဲ့သည့် အင်ဂျင်နီယာကျောင်းသား Franco Patino) (Photo: Franco Patino / LinkedIn)
ထရာဗစ်စကော့ ဂီတဖျော်ဖြေပွဲကို လာရောက်ကြည်ရှုသူအချို့ဟာ မူးယစ်ဆေးဝါး လွန်ကဲထိုးနှံခံထားရမှုကြောင့် ပုံမှန်ပြန်ဖြစ်ရန် ဆေးတိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုသို့ မူးယစ်ဆေးဝါးလွန်ကဲနေခဲ့သူတွေအနက် လုံခြုံရေးအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပြီး ၎င်းရဲ့လည်ပင်းမှာ ဆေးထိုးအပ်ရာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Astroworld Festival ဂီတဖျော်ဖြေပွဲကို ဟူစတန်မြို့ရှိ NRG Park မှာ ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဥ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ယမန်နှစ်မှာတော့ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အဆိုပါ ဂီတဖျော်ဖြေပွဲ မရှိခဲ့ဘဲ ယခုနှစ်မှသာ ပြန်လည် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။