အမေရိကန်ရဲ့ ပြည်နယ် ၁၆ ခုထက်မနည်းမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားရကြောင်း၊ သို့သော် တစ်နိုင်ငံလုံးရှိ COIVD-19 ကူးစက်မှုအများစုဟာ ဒယ်လ်တာဗိုင်းရပ်စ်ဖြစ်နေဆဲလို့ အမေရိကန် CDC (Centers for Disease Control and Prevention) အကြီးအကဲက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။

(CDC ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky) (Photo: Reuters)
နေ့စဥ် ကူးစက်မှုတွေကို စောင့်ကြည့်စစ်ဆေးနေပြီး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေရတဲ့ ပြည်နယ်အရေအတွက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းလည်း CDC ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky က ABC News နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပြီး နောက်ထပ် အချက်အလက်တွေ လိုအပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုပါတယ်။
အမေရိကန်ရှိ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ကန်နက်တီကပ်၊ ဟာဝိုင်အီ၊ မေရီလန်း၊ မက်ဆာချူးဆက်၊ မင်နီဆိုးတား၊ မစ်ဆူရီ၊ နီဘရာစကာ၊ နယူးဂျာစီ၊ နယူးယော့ခ်၊ ပင်ဆယ်လ်ဗေးနီးယား၊ ဝါရှင်တန်၊ ယူတားနဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေမှာ အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားကြောင်း Reuters စာရင်းအရ သိရှိရပါတယ်။
(Photo: Reuters)
ဒါ့အပြင် လူဝီစီးယားနားပြည်နယ်မှာလည်း အိုမီခရွန်ကူးစက်မှုဖြစ်နိုင်တဲ့ ကူးစက်မှုတစ်ခု တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ နယူးဂျာစီပြည်နယ်မှာ အိုမီခရွန်ကူးစက်ခံရသူကတော့ ဂျော်ဂျီယာပြည်နယ်သို့ ခရီးသွားထားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်မှာ COVID-19 လူနာအများစုဟာ ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရတာဖြစ်ပြီး ကာကွယ်ဆေးတွေက ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို ကာကွယ်ပေးကြောင်း သိထားကြပြီး အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကိုလည်း အလားတူ လျော့ပါးစေလိမ့်မယ်လို့ ကျန်းမာရေးအရာရှိတွေက မျှော်လင့်ထားပါတယ်။
CDC ညွှန်ကြားရေးမှူး Rochelle Walensky ရဲ့ အဆိုအရ တစ်ရက်လျှင် ကူးစက်မှု ၉၀,၀၀၀ မှ ၁၀၀,၀၀၀ အနက် ၉၉.၉ ရာခိုင်နှုန်းဟာ ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်တယ်လို့ သိရပါတယ်။ "အမေရိကန်မှာ အခုလက်ရှိ ပြဿနာတစ်ခုက ဒယ်လ်တာဗိုင်းရပ်ပါ" လို့ သူမက ABC News ရဲ့ This Week အစီအစဥ်မှာ ပြောခဲ့ပါတယ်။