• Featured

    အမေရိကန်မှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိလာနိုင်

၂၂၇ မိုင် ရှည်လျားတဲ့ လမ်းကြောင်းတစ်လျှောက် လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ဖြတ်သန်းပြီး ၂၂၇ မိုင် ရှည်လျားတဲ့ လမ်းကြောင်းတစ်လျှောက် လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့မှုအတွင်း ကင်တက်ကီပြည်နယ်မှာ သေဆုံးသူအရေအတွက် အနည်းဆုံး ၁၀၀ အထိရှိလာနိုင်ကြောင်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

image

သောကြာနေ့ (ဒီဇင်ဘာ ၁၀ ရက်) ညပိုင်းက တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းတွေကြောင့် ကင်တင်ကီပြည်နယ်အတွင်း ဖယောင်းတိုင်စက်ရုံတစ်ရုံမှာ လူဦးရေ ဒါဇင်နဲ့ချီ သေဆုံးခဲ့မှုအပါအဝင် လူ ၇၀ ကျော် သေဆုံးကြောင်း လက်ရှိအချိန်အထိ အတည်ပြုထားပြီး သေဆုံးသူအရေအတွက် ၁၀၀ ကျော်အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မုန်တိုင်းဒဏ်သင့် ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး အစိုးရအနေနဲ့ တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ ပြောပါတယ်။ ယခုမုန်တိုင်းတွေဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးလို့လည်း ဘိုင်ဒန်ကဆိုပါတယ်။ သောကြောနေ့ညပိုင်း လေဆင်နှာမောင်းတွေဟာ ကင်တက်ကီအပြင် အာကင်ဆက်၊ တင်နက်ဆီ၊ မစ်ဆူရီနဲ့ အီလီနွိုက်စ် အစရှိတဲ့ ပြည်နယ်တွေမှာလည်း ဖြတ်သန်းတိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ကင်တက်ကီပြည်နယ် Mayfield မြို့ရှိ ဖယောင်းတိုင်စက်ရုံအတွင်း လူ ၁၁၀ ခန့်ရှိနေခဲ့ရာ ၄၀ ကျော်ကို ကယ်ဆယ်ခဲ့ကြောင်း၊ သို့သော် ကျန်ရှိတဲ့လူတွေကို အသက်ရှင်လျက် ပြန်ရှာတွေ့ပါက အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လိမ့်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Aney Beshear က ပြောခဲ့ပါတယ်။

ယခုဖြစ်စဥ်ဟာ ကင်တက်ကီပြည်နယ်ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပါတယ်။ Mayfield မြို့မှာ လေဆင်နှာမောင်းကြောင့် ရဲစခန်းနဲ့ မီးသတ်သမားတွေရဲ့ အသုံးအဆောင်များ ပျက်စီးသွားခဲ့ရာ ကယ်ဆယ်ရေးအတွက် စိန်ခေါ်မှုတွေရှိနေခဲ့ပါတယ်။

ကင်တက်ကီပြည်နယ်အတွင်း လူဦးရေ ထောင်ပေါင်းများစွာဟာ လက်ရှိအချိန်အထိ ရေနဲ့ လျှပ်စစ်ဓာတ်အား မရရှိသေးဘူးလို့ ဆိုပါတယ်။ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် ကင်တက်ကီအပြင် အီလီနွိုက်စ်ပြည်နယ်ရှိ Amazon စတိုးရဲ့ဂိုထောင်တစ်ခု ပြိုကျမှုအတွင်း ၆ ဦး၊ တင်နက်ဆီပြည်နယ်မှာ ၃ ဦး၊ အာကင်ဆက်ပြည်နယ်မှာ ၂ ဦးနဲ့ မစ်ဆူရီပြည်နယ်မှာ တစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

Source & Photo: Reuters

Share

Loading Next Article...
က္က