သမ္မတဂျိုးဘိုင်ဒန်ဟာ ၁၉၇၂ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးကတည်းက အမေရိကန်ပြည်သူတွေရဲ့ မြင်ကွင်းမှာ ရာစုနှစ် ထက်ဝက်နီးပါး နေရာယူထားခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးပါ။

သူဟာ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ၃၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သမ္မတဘာရတ်အိုဘားမား လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က ၂၀၂၀ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို အနိုင်ရပြီး အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်ပြီး လူသိနည်းနိုင်တဲ့ ၁၀ ချက်က စိတ်ဝင်စားစရာပါ။
ကလေးဘဝ စကားထစ်သူအဖြစ်ကနေ ကျော်ဖြတ်နိုင်ခဲ့သူ
ပင်ဆယ်ဗေးနီးယားပြည်နယ် Scranton မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ ကလေးဘဝက စကားထစ်အသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကလေးဘဝမှာ စကားထစ်တဲ့ ဂျိုးဘိုင်ဒန်ဟာ ခရစ်ယာန်သီလရှင်လည်းဖြစ်သူ ဆရာမတစ်ဦးက "Mr. Bu-bu-bu-Biden" လို့ နောက်ပြောင်ကျီစယ် ခေါ်ဝေါ်တာမျိုးအထိ ကြုံခဲ့ရပြီး ကျောင်းတစ်ရက် မတက်ဘဲနေခဲ့ဖူးတယ်လို့ ၂၀၀၈ ခုနှစ်က သူ့ရဲ့ကိုယ်တွေ့မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဂျိူးဘိုင်ဒန်ရဲ့မိခင် Catherine Finnegan Biden က ထိုအကြောင်းကို သိရှိသွားခဲ့ရာ သားဖြစ်သူ စကားထစ်မှုအပေါ် နောက်ပြောင်ကျီစယ်ခဲ့တဲ့ ဆရာမကို ထိပ်တိုက်တွေ့ပြီး သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ကြိမ် သူမရဲ့သားကို ထိုသို့ ပြောဆိုပါက ဆရာမရဲ့ ခေါင်းဆောင်းကို ဆွဲချွတ်ပစ်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့မိခင်က ကြိမ်းဝါးခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ စကားထစ်အမှုကို မှန်ရှေ့မှာရပ်ပြီး အိုင်းရစ်ကဗျာများ ဖတ်ခြင်းနဲ့ ရွတ်ဆိုခြင်းတို့ဖြင့် ကြိုးစားထိန်းချုပ်ကာ ပြုပြင်နိုင်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ယနေ့အချိန်အထိ အိုင်းရစ်ကဗျာရဲ့ ရှည်လျားတဲ့ စာပိုဒ်တွေကို မှတ်မိရွတ်ဆိုနေနိုင်ဆဲ ဖြစ်ပါတယ်။
အထက်တန်းအရွယ်မှာ အမေရိကန်ဘောလုံးစတား
၁၉၆၀ ခုနှစ်က ဒီလာဝဲပြည်နယ် Archmere Academy အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့စဥ်က ဂျိုးဘိုင်ဒန်ဟာ ထိုကျောင်းရဲ့ ရှုံးပွဲမရှိ ဘောလုံးအသင်းကို ဦးဆောင်ကစားခဲ့ပြီး အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ခန္ဓာကိုယ်ပိန်လှီပေမဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ သူ့ရဲ့နည်းပြဖြစ်ခဲ့သူ E. John Walsh က ဆိုပါတယ်။
ခွေးနှစ်ကောင်ရှိတဲ့ အမေရိကန်သမ္မတ
ဂျိုးဘိုင်ဒန်မှာ Champ နဲ့ Major လို့ အမည်ပေးထားတဲ့ German Shepherd အမျိုးအစား ခွေးနှစ်ကောင်ရှိပါတယ်။ ဂျိုးဘိုင်ဒန်မိသားစုက Major ကို ၂၀၁၈ ခုနှစ်အတွင်း Delaware Humane Association ကနေ ခွေးပေါက်လေးအရွယ်မှာ ခေါ်ယူမွေးခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Champ ကတော့ အိမ်ဖြူတော်မှာ ဒုတိယသမ္မတသက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့စဥ်ကတည်းက ဂျိုးဘိုင်ဒန်မိသားစုနဲ့အတူ ရှိနေခဲ့ပါတယ်။ Champ ကို ဂျိုးဘိုင်ဒန်ရဲ့ မြေးတွေက အမည်ပေးခဲ့တာလို့ ဆိုပါတယ်။
ကားဝါသနာအိုး ဂျိုးဘိုင်ဒန်
သမ္မတဂျိုးဘိုင်ဒန်အတွက် မင်္ဂလာလက်ဖွဲ့အဖြစ် သူ့ရဲ့ဖခင် Joseph Biden Sr. က ၁၉၆၇ မော်ဒယ် အစိမ်းရောင် Corvette Stingray ကားတစ်စီး ဝယ်ပေးခဲ့ပါတယ်။ ထိုကားကို ဂျိုးဘိုင်ဒန်က ယနေ့အထိ မောင်းနေဆဲလို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့သားက ကားရဲ့အင်ဂျင်ကို ခရစ်စမတ်လက်ဆောင်အဖြစ် အသစ်ပြန်တပ်ဆင်ပေးထားခဲ့ပါတယ်။
"ဒီကားလေးကို ကျွန်တော် နှစ်သက်ပါတယ်၊ ဘာမှတော့မဟုတ်ပေမဲ့ ထူးခြားတဲ့ အမှတ်တရတွေပါ၊ ကားထဲဝင်လိုက်တိုင်း " လို့ ဂျိုးဘိုင်ဒန်က Twitter ဗီဒီယိုတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။ ကားဝါသနာအိုး ဂျိုးဘိုင်ဒန်က သူ့ရဲ့ iPhone မှာ Car and Driver မဂ္ဂဇင်းရဲ့ သတင်းဆောင်းပါးတွေကို ပုံမှန်ရယူဖတ်ရှုလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒုတိယမြောက် ကက်သလစ်ဘာသာဝင် အမေရိကန်သမ္မတ
ဂျိုးဘိုင်ဒန်ဟာ ၂၀၁၅ ခုနှစ်မှာ ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူ Beau ရဲ့ စိပ်ပုတီးလေးကို အိတ်ထဲမှာဆောင်ထားလေ့ရှိပြီး တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြုအစီအစဥ်ကို ပုံမှန်တက်ပါတယ်။ သူဟာ အမေရိကန်မှာ ဂျွန်အက်ဖ်ကနေဒီပြီးလျှင် ဒုတိယမြောက် ကက်သလစ်ဘာသာဝင် သမ္မတလည်း ဖြစ်ပါတယ်။
ဆေးရုံပေါ်မှာ လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ခဲ့သူ
ဂျိုးဘိုင်ဒန်ဟာ ၁၉၇၂ ခုနှစ်မှာ ကားမတော်မတဆမှုဖြစ်ခဲ့ပြီး သူ့ရဲ့ပထမဇနီး Neilia နဲ့ ၁၃ လအရွယ် သမီးလေး Naomi Amy Biden တို့ကို ဆုံးရှုံးခဲ့ရပါတယ်။ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒန်က ထိုကားမတော်ဆမှုဖြစ်ပြီးနောက် ၁၉၇၃ ခုနှစ် ဇန်နဝါရီလမှာ ဆေးရုံကုတင်ပေါ်ကနေ ကျမ်းသစ္စာကျိန်ဆိုခဲ့သူပါ။
ဆေးရုံတက်နေရင်း လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ဆိုခဲ့စဥ်က ဂျိုးဘိုင်ဒန်ရဲ့ဘေးမှာ ကားမတော်တဆမှုအတွင်း ဒဏ်ရာဆိုးဆိုးရွားရွားရခဲ့ကြတဲ့ သားတွေဖြစ်ကြတဲ့ Beau နဲ့ Hunter တို့ ရှိခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး ဆီးနိတ်လွှတ်တော်အမတ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
သမ္မတဖြစ်ဖို့ ဇွဲကောင်းကောင်းနဲ့ ယှဥ်ပြိုင်ခဲ့သူ
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ၁၉၈၇ ခုနှစ်က ပထမဆုံးအကြိ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲမတိုင်မီ နုတ်ထွက်ခဲ့ပါတယ်။ ထို့နောက် ၂၀၀၈ ခုနှစ်မှာလည်း သူက သမ္မတရွေးကောက်ပွဲဝင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲယှဥ်ပြိုင်မှုကနေ နုတ်ထွက်ခဲ့ပြီး အိုဘားမားကို အားပေးထောက်ခံခဲ့ပြီး ပူးပေါင်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဂျိုးဘိုင်ဒန်က သူ့ရဲ့ သမ္မတဖြစ်ရေး တတိယအကြိမ် ကြိုးပမ်းမှုအဖြစ် သမ္မတရွေးကောက်ပွဲဝင်ခဲ့ရာမှာ အနိုင်ရရှိပြီး ၄၆ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။
အပတ်စဥ် နေ့လယ်စာစားရင်း အိုဘားမားနဲ့ တွေ့ဆုံ
၈ နှစ်တာ ကာလအတွင်း သမ္မတနဲ့ ဒုတိယသမ္မတအဖြစ် အတူတကွ တာဝန်ထမ်းဆောင်ကြရင်း အိုဘားမားနဲ့ ဂျိုးဘိုင်ဒန်တို့ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။
အိုဘားမားက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မချမီမှာ နောက်ဆုံး စကားပြောသူဟာ သူ့ရဲ့ ဒုတိယသမ္မတဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အတူ ဂျိုးဘိုင်ဒန်ကလည်း အိုဘားမား ဆုံးဖြတ်ချက်အတိုင်း သေတဲ့အထိ လိုက်နာဆောင်ရွက်မယ်လို့ သစ္စာပြု အာမခံထားသူပါ။
ရေခဲမုန့်ကြိုက်တဲ့ ဂျိုးဘိုင်ဒန်
"ကျွန်တော် အရက်မသောက်ဘူး၊ ဆေးလိပ်မသောက်ဘူး၊ ဒါပေမဲ့ ရေခဲမုန့်တော့ အရမ်းစားတယ်" လို့ ဂျိုးဘိုင်ဒန်က ၂၀၁၆ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ရန်ပုံငွေအလှူရှင်တွေကို ရေခဲမုန့်လက်ဆောင်ပေးရန် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အသုံးပြုခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ရဲ့ မြေး ၇ ဦးကလည်း အဘိုးဖြစ်သူဟာ အမြဲတမ်း ရေခဲမုန့်စားနေပြီး အဘွား မမြင်တွေ့အောင် သူ့ရဲ့ Breyers တံဆိပ် ချောကလက်နဲ့ ဗနီလာ ရေခဲမုန့်တွေကို ဖွက်ထားတတ်တယ်လို့ ရယ်စရာအဖြစ် ပြောကြပါတယ်။
အကြိုက်ဆုံးရုပ်ရှင်က 'Chariots of Fire'
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အကြိုက်ဆုံးရုပ်ရှင်က ၁၉၈၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှသမိုင်းဝင် အားကစားဒရာမာ Chariots of Fire ဖြစ်တယ်လို့ ၂၀၀၈ ခုနှစ်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
Ref: Insider, Politico, Biography, Wikipedia
Photo: Getty Images, Reuters, AFP